ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ရသေ့တောင်မြို့တွင် ဟောပြော ခဲ့သည့် မှတ်တမ်းခွေကို လာမည့် ရုံးချိန်းတွင် ဖွင့်ပြစစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လာမည့် ၂၀ ကြိမ်မြောက်ရုံးချိန်းကို သြဂုတ် ၆ ရက်နေ့တွင် ထပ်မံချိန်းဆိုထားပြီး စစ်တွေ ခရိုင်တရားရုံး၌ ဖွင့်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်၏ အမှုကို လိုက်ပါ ဆောင်ရွက် နေသူ တရားလွှတ်တော် ရှေ့နေ ဦးအောင်ကျော်စိန်က ယမန်နေ့( ဇူလိုင် ၃၀) ၁၉ ကြိမ်မြောက် တရားရုံးချိန်း အပြီးတွင် သတင်းထောက်များသို့ ပြောကြားသည်။
“နောက်လာမယ့် သြဂုတ်လ ၆ ရက်နေ့ ရုံးချိန်းမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်တို့ ဟောပြောတယ်ဆိုတဲ့ ခွေတွေကို သူတို့ ပြောတဲ့အတိုင်း မှန်မမှန် တရားရုံးမှာ ဖွင့်ပြပြီးတော့ စာသားအဖြစ် မှတ်တမ်းတင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု သူကဆိုသည်။
ရသေ့တောင်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ဟောပြောမှုကြောင့် ဒေါက်တာ အေးမောင်နှင့် လူငယ်စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ (၃) ခုဖြင့် တရားစွဲဆို ဖမ်းဆီးထားသည်။
သူတို့ နှစ်ဦးအား ၆ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုများကို စစ်ဆေးနေရာ၌ နိုင်ငံတော်ပုန်ကန်မှု ၅၀၅ (ခ) (ဂ) အမှုနှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) အမှုတို့အတွက် တရားလိုပြသက်သေအားလုံးကို စစ်ဆေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
“မတရားအသင်နဲ့ ဆက်သွယ်မှု ၁၇/၁ အမှုမှာ တရားလိုပြသက်သေ ၁၆ ယောက်ရှိတဲ့အနက် ၆ ယောက်ကို စစ်ဆေးပြီးသွားပါပြီ။ ကျန် သက်သေ ၁၀ ယောက်ကို ဒီနေ့မှာ တရားရုံးက ပယ်ချက်လိုက်တဲ့အတွက် အမှု ၃ ခုလုံးအတွက် တရားလိုပြသက်သေအားလုံးကို စစ်ဆေးမှု အပိုင်းက ပြီးစီးသွားပါပြီ”ဟု ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
ယင်းသို့ တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်သည့်အတွက် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ရင်ဆိုင်နေရသည့် အမှုကို သြဂုတ်လအတွင်း စီရင်ချက်ချနိုင်သည်ဟု သူက ဆက်လက် ပြောဆိုသည်။
“သြဂုတ်လ ၆ ရက်နေ့မှာ ခွေတွေကို ဖွင့်ပြပြီး၊ နောက်တစ်ပတ်ရုံးချိန်းလောက်မှာ စွဲချက်တင်သင့် မတင်သင့်ဆိုတာကို ဆုံးဖြတ်နိုင်ဖွယ်ရှိပါတယ်။ အဲ့ဒါကြောင့် အမှုဟာ သြဂုတ်လအတွင်းမှာ ပြီးဆုံးနိုင်မှာ ဖြစ်ပါတယ်”ဟု ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။
ယမန်နေ့( ဇူလိုင် ၃၀)(၁၉) ကြိမ်မြောက် ဒေါက်တာ အေးမောင်နှင့် ဝေဟင်အောင်တို့အား ရုံးထုတ်လာရာ သူတို့အား ၀ိုင်းရံထောက်ခံသူ ပရိသတ် ၇၀ ခန့် လာရောက်ခဲ့ကြပြီး နုတ်ဆက်အားပေးခဲ့ကြသည်။
လူငယ် စာရေးဆရာ ဝေဟင်အောင်က “လာမယ့်အပတ်မှာ ခွေတွေကို ဖွင့်ပြီးတော့ ကျနော်တို့ ပြောတာနဲ့ တူလားမတူလား စစ်ဆေးမယ့်အဆင့်ကို ရောက်သွားပါပြီ။ လာဖို့ အပတ်မှာဆိုရင် တစ်ခုခုတော့ သိရလိမ့်မယ်လို့ ကျနော်ထင်တယ်”ဟု ပြောသည်။
ဒေါက်တာအေးမောင်မှလည်း မြန်မာနိုင်ငံတွင် တရားရေးမဏ္ဍိုင် တည့်မတ်ဖို့လိုအပ်ပြီး၊ တရားရေးမဏ္ဍိုင်အပေါ်တွင် မည်သည့်အုပ်ချုပ်ရေးမဏ္ဍိုင်မှ ရှိမနေဖို့ လိုအပ်ကာ တရားရေးမဏ္ဍိုင်သည် လွတ်လပ်၊ အမှီခိုကင်း၊ ဘက်လိုက်မှု မရှိမှ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုရှိလာကာ နိုင်ငံတော် တည်တံ့ခိုင်မြဲနိုင်မည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။







