စစ်တွေလေယာဉ်ကွင်းအနီး မြေငှားရမ်း လုပ်ကိုင်နေသူများ လုံခြုံရေးအကြောင်းပြ ပြောင်းရွှေ့ခံရ

စစ်တွေလေယာဉ်ကွင်းအနီး မြေငှားရမ်း လုပ်ကိုင်နေသူများ လုံခြုံရေးအကြောင်းပြ ပြောင်းရွှေ့ခံရ
by -
စံမောင်သန်း
(ဓာတ်ပုံ- သွားစရာ နေရာမရှိ၍ စိတ်သောကရောက်နေသည့် အမျိုးသမီးကြီးတစ်ဦးနှင့် အိမ်ဖြိုနေသည့် မြင်ကွင်း)
(ဓာတ်ပုံ- သွားစရာ နေရာမရှိ၍ စိတ်သောကရောက်နေသည့် အမျိုးသမီးကြီးတစ်ဦးနှင့် အိမ်ဖြိုနေသည့် မြင်ကွင်း)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်တော်သာရပ်ကွပ် အတွင်းရှိ လေယာဉ်ကွင်းအရှေ့ဘက် မြေနေရာအား ငှားရမ်းလုပ်ကိုင်နေသူ ၂၂ ဦးကို လေကြောင်းဦးစီးဌာနက တရားဝင် အမိန့်စာ ထုတ်ပြန်၍ ပြောင်းရွှေ့ခိုင်းလိုက်သည်ဟု သတင်းရရှိသည်။

“အမိန့်စာမှာပါတာက မြေကိုကျူးကျော်ဝင်ရောက် လုပ်ကိုင်နေသူတွေလို့ ပါပါတယ်။ ကျနော်တို့က ကျူးကျော်ပြီး လုပ်ကိုင်နေကြတာ မဟုတ်ပါဘူး။ မြေကို ငှားရမ်းပြီး လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ မငှားတော့ဘူးဆိုတော့လည်း ကျနော်တို့ ပြောင်းရွှေ့ပေးရမှာဖြစ်ပါတယ်။ မိုးရာသီ ဖြစ်တဲ့ အတွက် ဒီနှစ်အကုန်ထိ လုပ်ကိုင်ခွင့်ပြုဖို့ မေတ္တာရပ်ခံတာ မရခဲ့ပါဘူး။ အခု အားလုံးပြောင်းရွှေ့နေကြရပါပြီ” ဟု ပြောင်းရွှေ့ခံရသူ တစ်ဦးဖြစ်သည့် ဦးမောင်အေးဖြူက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယခုနှစ်ကုန်အထိ လုပ်ကိုင် စားသောက် ခွင့်ပြုရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်အား လုပ်ကိုင်စားသောက်နေသူ ၂၂ ဦးက အသနားခံ တင်ပြခဲ့သေးသည်ဟု ပြောင်းရွှေ့ခံရသူများက ပြောသည်။

“ကျနော်တို့ ဒီနေရာမှာ စို်က်ပျိုးလုပ်ကိုင်နေသူတွေအနေနဲ့ ဒီနှစ်ကုန်အထိ လုပ်ခွင့်ပေးဖို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပေမယ့် ဒီအမိန့်စာဟာ ပြည်နယ်အစိုးရနဲ့ မသက်ဆိုင်ဘူးလို့ အကြောင်းပြန်ကြားပါတယ်” ဟု ပေါက်တောမြို့နယ် မြေငုံကျွန်းမှ လာရောက် လုပ်ကိုင်နေသူ ဦးမောင်ထွန်းဝေက ပြောသည်။

၎င်းမြေတွင် လူ ၂၂ ဦးက လုပ်ကိုင်စားသောက်နေသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ကြောင်း၊ မြေဧရိယာ အကျယ်အဝန်းမှာ လယ် ၄ ဧကနှင့် စိုက်ခင်း ၁ ဧကတို့ ဖြစ်ကြောင်း သိရသည်။

စိုက်ခင်းလုပ်ကိုင်သူ ၂၂ ဦးအနေဖြင့် ယခုနှစ်အတွက် တစ်ဧကကို ၆ သောင်းကျပ်ပေး၍ ငှားရမ်းလုပ်နေကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ကိုင်နေသူအများစုသည် အခြားမြို့နယ်များမှ ဖြစ်ကြကြောင်း၊ လုပ်ကိုင်လာကြသူများထဲတွင် တစ်ချို့မှာ ၆ နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး တစ်ချို့တို့မှာ ၈ နှစ်မှ နှစ် ၂၀ ကျော်အထိ ရှိနေပြီဟုလည်း ပြောဆိုသည်။

“သူတို့က လေယာဉ်ကွင်း လုံခြုံရေးကို အကြောင်းပြတယ်။ ကျနော်တို့ ဒီနေရာမှာ လုပ်ကိုင် နေခြင်းအားဖြင့် လေယာဉ်ကွင်းလုံခြုံရေးအတွက် ပိုပြီးတောင် ကောင်းပါသေးတယ်။ လေယာဉ်ပြေးလမ်းကနေ တိုင်းတာမယ်ဆိုရင် လေယာဉ်ကွင်း အနောက်ဘက်က ဘာဆာ ရွာဆိုရင် လေယာဉ်ကွင်းနဲ့ တောင် ပိုနီးနေပါသေးတယ်”ဟု ဦးမောင်အေးဖြူက ဆက်ပြောသည်။

ယခု ပြောင်းရွှေ့ခဲ့ရသည့် တောင်သူ ၂၂ ဦးတွင် ကျောင်းတက်နေသည့် သားသမီး ၂၀ ကျော်ရှိပြီး မိုးရာသီတွင် ပြောင်းရွှေ့ခိုင်း၍ အထူး ဒုက္ခရောက်ကြရကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဖြစ်နိုင်ပါက ၄င်းတို့ နေထိုင်နိုင်ရန် မြေကွက်များ စီစဉ် ပေးစေလိုကြောင်း သူတို့က သတင်းထောက်များကို ပြောသည်။

 

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...