ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ယမန်နေ့ (ဇူလိုင် ၂၅ ရက်နေ့) ညနေက ချောင်းကို ဖြတ်ကူးရာမှ ရေစီးနှင့် အတူ မျောပါသွားသဖြင့် လူတစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ အမ်းမြို့နယ် ရူးရခိုင်ရွာမှ ဦးခင်မောင်လုံးဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ချင်းရူးရွာမှ ဦးငတောင်ချေဖြစ်ကြောင်း ရူးရွာမှ အရပ်လူကြီးတစ်ဦးဖြစ်သူ ဦးမြတ်မင်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ ဖြစ်တာက ဒီကနေ့ ညနေပိုင်းမှာ ဖြစ်တာပါ။ ရူးချင်းရွာကနေ ရူးရခိုင်ရွာကို ဖြတ်ဆင်းကူးရာကနေ ရေစီးနဲ့ မျောပါသွားတာပါ။ ချောင်းက လူတစ်ရပ်ထက် နည်းနည်းဘဲ နက်ပါတယ်။ ဒီအတိုင်း ချောင်းကို ဖြတ်ဆင်းကူးရာကနေ ရေစီးနဲ့ မျောပါသွားတာပါ။ ချောင်းက ပေ ၁၂၀ ဝန်းကျင်လောက်ဘဲ ကျယ်ပါတယ်” ဟု ဦးမြတ်မင်းနိုင်က ပြောကြားသည်။
ရေစီးနှင့် မျောပါသွားပြီးနောက် ချက်ချင်း အနီးအနားမှ လူများက လိုက်လံ ဆယ်ယူကြရာ ရခိုင်လူမျိုး ဦးခင်မောင်လုံးအား ပြန်လည် ဆယ်ယူရရှိသော်လည်း သေဆုံးနေပြီဖြစ်ကြောင်း၊ ချင်းလူမျိုးဖြစ်သူ ဦးငတောင်ချေကိုမူ ရှာဖွေ၍ မရရှိသေးကြောင်း သူက ပြောကြားသည်။
“ အခု ဦးခင်မောင်လုံးရဲ့ အလောင်းကို ရူးရွာမှာဘဲထားပါတယ်။ သက်ဆိုင်ရာကိုတော့ အကြောင်းကြားထားပါတယ်” ဟု သူက ပြောကြားသည်။
ဦးခင်မောင်လုံးမှာ အသက် (၆၀) ကျော်ခန့်ရှိနေပြီ ဖြစ်ပြီး ကမ်းထောင်းကြီးကျေးရွာမှ ရူးရွာတွင် အိမ်ထောင်ကျနေသူ ဖြစ်ကြောင်း သိရသည်။







