ရန်ုကုန်-စစ်တွေကားလမ်းရေကျော်၍ ကားစီးရေ ၂၀၀ ခန့်ပိတ်မိနေ

ရန်ုကုန်-စစ်တွေကားလမ်းရေကျော်၍ ကားစီးရေ ၂၀၀ ခန့်ပိတ်မိနေ
ဓာတ်ပုံ- လက်ရှိပိတ်မိနေသောကားများကို တွေ့ရစဉ်
ဓာတ်ပုံ- လက်ရှိပိတ်မိနေသောကားများကို တွေ့ရစဉ်

သုံးလေးရက်ခန့် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် အမ်းမြို့နယ် အတွင်းရှိ စစ်တွေ- ရန်ကုန် ကားလမ်း မြေနိမ့်ပိုင်း နေရာတစ်ချို့တွင် ရေကျော်နေသဖြင့် ကားစီးရေ ၂၀၀ ခန့် ပိတ်မိနေကာ အသွားအလာရပ်တန့်နေကြောင်း သတင်းရရှိသည်။

“ အခု ကားတွေပိတ်မိနေတဲ့ နေရာကတော့ ကမ်းထောင်းကြီး လမ်းခွဲအနီး အမ်းမြို့နယ် ရှောက်ခုံတောင်နဲ့မဲတောင်ကြားမှာ ဖြစ်ပါတယ်။ အဲဒီလမ်းပိုင်းက ချိုင့်ဝှမ်းတွေမှာ ရေကျော်နေတဲ့ အတွက် ကားတွေ သွားလာလို့ မရ ဖြစ်နေပါတယ်။ တံတားထိုးထားတဲ့နေရာတွေမှာပါ။ ရေက ၈ ပေလောက်ထိ ကျော်နေပါတယ်။ ဘယ်လိုမှ သွားလာလို့ မရပါ။ အဓိက မဲလမောင်း လမ်းပိုင်းမှာ ဖြစ်နေတာပါ ” ဟု စစ်တွေမြို့ ကေသီဦး ကုန်စည်ပို့ဆောင်ရေး ကားဂိတ်တာဝန်ခံ ဦးမောင်ဝင်းရွှေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဇူလိုင် ၂၄ ရက်နေ့ ညနေက ရေသုံးပေလောက်ကျသွားသော်လည်း ဇူလိုင် ၂၅ ရက်နေ့တွင် မိုးဆက်ရွာသဖြင့် ရေတစ်ပေ နှစ်ပေခန့် ဆက်တိုးလာသဖြင့် ကားများကို ရပ်နားထားရကြောင်း သူက ပြောကြားသည်။

“ ဒီနေ့ [ဇူလိုင် ၂၅ ရက်နေ့]နေ့လယ်ကတော့ လူတွေကို ဖောင်တွေနဲ့ ဟိုဘက်နဲ့ ဒီဘက်ကို ချိန်းပြီးသွားတာတော့ ရှိပါတယ်။ ရန်ကုန်ကလာတဲ့သူတွေကို ဖောင်နဲ့ ဒီဘက်ကို ယူလာပြီး စစ်တွေဘက်ကလာတဲ့ ကားကို ပြန်ခေါက်ပြီး ခေါ်တာမျိုးရှိသလို စစ်တွေကနေ ရန်ကုန်ကို သွားတဲ့သူတွေကို ဖောင်နဲ့ ဟိုဘက်ကို ယူပြီး ရန်ကုန်ကားနဲ့ ခေါ်သွားတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ကားကြီးရော ကားအသေးတွေရော သွားလို့ မရပါဘူးဖြစ်နေပါတယ်ခင်ဗျား” ဟု သူကဆက်လက် ပြောကြားသည်။

ခရီးသည်တင် ဘတ်စ်ကားများ၊ ကုန်တင်ကားများ လုံးဝ ရပ်နားထားရကြောင်း၊ ခရီးသည်များမှာ ထမင်းဆိုင်များတွင် နားနေရကြောင်း၊ စစ်တွေ-ရန်ကုန်ကားလမ်းပိတ်နေသည်မှာ ၂ ရက် ( ဇူလိုင် ၂၄-၂၅ ရက်နေ့ )ခန့်ရှိနေပြီ ဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးဘက်မှာ လာသောကားများနှင့် စစ်တွေဘက်မှ ရန်ကုန်-မန္တလေးဘက်သို့ သွားသည့်ကားများမှာ ဟိုဘက် ဒီဘက် ပိတ်မိနေကြောင်း၊ ပိတ်မိသော ဘတ်စ်ကား၊ ကုန်တင် ကားအရေအတွက်မှာ ၂၀၀ ခန့်ရှိကြောင်း ဦးမောင်ဝင်းရွှေက ဆက်လက် ပြောကြားသည်။

နောက်တစ်ရက် နှစ်ရက် ခန့် ဆက်လက် ကားများ ပိတ်မိနေပါက ရခိုင်ဘက်တွင် ကုန်စျေးနှုန်းများမြင့်တက်နိုင်ကြောင်း သူက ပြောသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...