ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်မှ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်အား ကန့်ကွက်လွှာကို စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်သည်ဟု သိရသည်။
စစ်တွေခရိုင်ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက “ ရွေးကောက်ပွဲ ဥပဒေမှာ ဦးသိန်းမောင်က ကိုယ်စားလှယ်လောင်းတစ်ဦးအနေနဲ့ အရည်အချင်း ကိုက်ညီပါတယ်။ ဥပဒေမှာ ဖော်ပြ ထားတာတွေနဲ့ ငြိစွန်းတဲ့ အချက်တွေမရှိဘူး။ ဒါကြောင့် ANP ရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာကို ပယ်လိုက်ပါတယ်” ဟု ပြောသည်။
နိရဥ္စရာမှ ဆက်လက်ပြီး ကိုယ်စားလှယ်လောင်း တစ်ဦးက ပါတီနှစ်ခု၏ အဖွဲ့ဝင်လိုမျိုး ဖြစ်နေ၍ ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းမှု မရှိပါဘူးလားဟု ဆက်လက် မေးမြန်းရာ ဦးခင်မောင်ဦးက “ အဲဒီ ဥစ္စာတွေကို ဥပဒေမှာ ရေးဆွဲထားတာ မရှိဘူး။ ပါတီဝင် ဖြစ်ခြင်း မဖြစ်ခြင်းဆိုတာက ဥပဒေမှာ ဖော်ပြထားတာမရှိဘူး။ ကာယကံရှင်ကလည်း ပါတီကနေ နှစ်ကြိမ် နုတ်ထွက်လွှာ တင်ထားတယ်လေ။ ဒီအချက် နှစ်ချက်နဲ့ ကန့်ကွက်လွှာကို ပယ်လိုက်တာပါ” ဟု ဆက်လက်ပြောဆိုသည်။
ကန့်ကွက်လွှာတင်သွင်းသူ အနေဖြင့် မကျေနပ်ပါက ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ ခုနှစ်ရက် အတွင်း အယူခံစာ ပြန်တင်နိုင်ကြောင်း သူက ပြောဆိုသည်။
“ ကျွန်တော်ရဲ့ ကန့်ကွက်လွှာကို ပယ်လိုက်တယ်ဆိုတာကို မနေ့က ခေါ်ပြောပါတယ်။ ကျွန်တော်ဘက်က အယူခံဆက်ဝင်မယ် မဝင်ဘူးဆိုတာကတော့ ပါတီ ဥပဒေပြုအဖွဲ့နဲ့ ဆက်လက်ဆွေးနွေးရပါမယ်။ ဆွေးနွေးပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု ANP လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်က ပြောသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် NLD မှ ဦးခင်သန်းမောင်၊ ANP ပါတီမှ ဦးမောင်လှမြင့်၊ ALD မှ ဦးသိန်းမောင်နှင့် ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ALD ပါတီကိုယ်စားလှယ် ဦးသိန်းမောင်အား ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်က ANP ပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်း မဟုတ်ဘူး။ ဗဟိုကော်မတီဝင်လည်း မဟုတ်ဘူး။ ပါတီနဲ့ ရှင်းလင်းစရာလည်း ကျွန်တော်မှာ ဘာပြသနာမှမရှိဘူး။ ကျွန်တော်က နုတ်ထွက်စာလည်း တင်ထားပြီးပါပြီ။ ဒါကြောင့် ကျွန်တော်အနေနဲ့ တော့ ခုကန့်ကွက်တာနဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး ဘာမှ ပြောစရာမရှိပါ” ဟု ပြောကြားသည်။
လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ရသေ့တောင်မြို့နယ် လစ်လပ် ပြည်နယ် လွှတ်တော်နေရာအတွက် ရခိုင်ပါတီများအကြား ပြိုင်ဆိုင်မှုမှာ တစ်ဖြည်းဖြည်း ပြင်းထန်မှုများရှိလာနေပြီ ဖြစ်ကြောင်း သိရှိရသည်။







