ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ကန့်ကွက်ခံရ

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်ကန့်ကွက်ခံရ
(ဓာတ်ပုံ- ကန့်ကွက်ခံရသူ ဦးသိန်းမောင်)
(ဓာတ်ပုံ- ကန့်ကွက်ခံရသူ ဦးသိန်းမောင်)

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) နေရာမှ ပါဝင်ယှဉ်ပြိုင်ရန် စစ်တွေ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တွင် ကိုယ်စားလှယ် စာရင်းတင်သွင်းသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) မှ ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်က ကန့်ကွက် ထားသည်ဟု သတင်းရရှိသည်။

ဇူလိုင် ၁၆ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူများကို စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှ စတင်စိစစ်ခဲ့ရာ ရခိုင်အမျိုးသားပါတီမှ ဦးမောင်လှမြင့်နှင့် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ ဦးတင်မောင်ဝင်းတို့အား ကိုယ်စားလှယ်လောင်းများ အဖြစ် အတည်ပြုပေးခဲ့သည်ဟု သိရသည်။

ဇူလိူင်လ ၁၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးခင်သန်းမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ဦးသိန်းမောင်တို့ကို စစ်တွေခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှ စိစစ်ရာ NLD မှ ဦးခင်သန်းမောင်အား အတည်ပြုပေးခဲ့သော်လည်း ALD မှ ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမောင်လှမြင့်က ကန့်ကွက်သဖြင့် အတည်ပြုပေးနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်လှမြင့်က “ ဦးသိန်းမောင်က ရခိုင်အမျိုးသားပါတီက ပါတီဝင်တစ်ဦးဖြစ်ပါတယ်။ သူက ဒီလ ၇ ရက်နေ့ကစပြီးမှ မြို့နယ်မှာ နုတ်ထွက်ခွင့်တင်ပါတယ်။ အဲဒါကို ရသေ့တောင်မြို့နယ် ဥက္ကဋ္ဌက ပါတီ ဗဟိုကို အကြောင်း ကြားပါတယ်။ ပါတီဗဟိုက ဘယ်လို ညွှန်ကြားသလဲဆိုတော့ ဦးသိန်းမောင် နုတ်ထွက်ခွင့်ကို ပါတီ ဗဟိုက ယာယီ ဆိုင်းငံ့ထားတယ်။ ပါတီ စီအီးစီ အစည်းအဝေးလည်း မလုပ်ရသေးတဲ့ အတွက် သူ့ကို နုတ်ထွက်ခွင့် မပေးသေးဘူးလို့ အကြောင်းပြန်ပါတယ်” ဟု ပြောသည်။

ထိုသို့ ဗဟိုက အကြောင်းပြန်ကြားသဖြင့် ဇူလိူင် ၈ ရက်နေ့တွင် ရသေ့တောင်မြို့နယ် ANP ဥက္ကဋ္ဌမှ ဦးသိန်းမောင်ထံသို့ ပါတီမှ ဗဟိုမှ ညွှန်ကြားချက်အရ ပါတီမှ နုတ်ထွက်ခွင့်မပြုကြောင်း ၊ ဆိုင်းငံ့ထားကြောင်း၊ သို့သော်လည်း ဦးသိန်းမောင်သည် ဇူလိုင်လ ၉ ရက်နေ့က ALD မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် အဖြစ် လျှောက်လွှာတင်ခဲ့ကြောင်း၊ စစ်တွေ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က သူ့လျှောက်လွှာကို လက်ခံကြောင်း၊ ဇူလိုင် ၁၇ ရက်နေ့က သူအား စိစစ်သည့် အခါ မိမိမှ ကန့်ကွက်ကြောင်း ဦးလှမြင့်က ပြောသည်။

“ ဦးသိန်းမောင်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအနေဖြင့် အရည်အချင်း ချို့ယွင်းချက်မှု မရှိပါဘူး။ သို့သော် ပါတီမှ သူ့ကို ကန့်ကွက်ထားတယ်။ လူတစ်ယောက်ဟာ ပါတီတစ်ခုက ထွက်ခွင့်မရဘဲ နောက်ပါတီ တစ်ခုကနေ ဝင်ပြီးယှဉ်ပြိင်တာဟာ ဥပဒေနဲ့ မညီဘူးပေါ့။ လူတစ်ယောက်ဟာ တစ်ပြိုင်တည်းမှာ ပါတီနှစ်ခုမှာ ပါတီဝင် ဖြစ်နေတယ်။ ဒီလို ဥပဒေနဲ့ မညီတဲ့ အတွက် ကျွန်တော်က ကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု ဦးမောင်လှမြင့်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်ခံရသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အား ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့်သူ ဦသိန်းမောင်အားဆက်သွယ်ရာ သူက “ သူတို့က ပါတီဝင် တစ်ယောက်ဟာ အပိုဒ် ၆၅ အရ မိမိဆန္ဒအလျောက် ပါတီကနေ နုတ်ထွက်ခွင့် ရှိတယ်။ ဒါပေမယ့် ပါတီတွင်း တာဝန်ထမ်းဆောင်နေချိန်တွင် ပါတီနှင့် ရှင်းလင်းစရ များကို ဗဟိုနှင့် ရှင်းလင်း ပြီးမှသာ ထွက်ခွာပေးမယ်ဆိုပြီး စာထဲမှာ ပါပါတယ်။ ဒါကို ကိုးကားပြီးတော့ ကျွန်တော်ကို ဦးမောင်လှမြင့် ကန့်ကွက်တာ ဖြစ်ပါတယ်။ ကျွန်တော်က ပါတီမှာ ရှင်းလင်းစရာ ဘာမှ မရှိပါဘူး။ ကျွန်တော်က ပါတီမှာ CECလည်း မဟုတ်ဘူး။ CC လည်း မဟုတ်ဘူး။ ပါတီဝင် တစ်ယောက် အနေနဲ့ မိမိသဘောနဲ့ မိမိ နုတ်ထွက်ပိုင်ခွင့်ရှိတယ်လို့ ယူဆပါတယ်” ဟု ပြောကြားသည်။

ဦးသိန်းမောင်အားကန့်ကွက်မှုနှင့် ပတ်သက်ပြီး စစ်တွေခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ ကော်မရှင် (ဗဟို) ကို အကူအညီကိုရယူပြီး လာမည့် ဇူလိုင် ၂၄ ရက်နေ့တွင် အဆုံးအဖြတ်ပေးမည်ဟု သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...