၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သိန်းပေါင်း ၂၀၀၀ ကျော် ဖြင့် တည်ဆောက်ခဲ့သည့် ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် သင်ပုန်းတန်းကျေးရွာရှိ ငပိထုပ် တာတမံမှာ ကျိုးပျက်သွားသဖြင့် လယ်ဧက ၆၀၀ ကျော် ထွန်ယက် မစိုက်ပျိုးနိုင်ဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
“ တာတမံက ဒီနှစ်မှ ဆည်တာပါ။ အခုကျိုးပေါက်သွားတာက ဆည်ဖို့ခဲ့တဲ့ ပေါက်တူးပေါက် ချောင်း နေရာ ၂ ခုကနေ ကျိုးပေါက်သွားခဲ့တာပါ။ ပေ ၅၀ တစ်ပေါက်နဲ့ ပေ ၂၀ တစ်ပေါက်ပါ။ အခု ရေလွမ်းနေတဲ့ အတွက် ဧက ၆၀၀ ကျော်ခန့် စိုက်ပျိုးထွန်ယက်လို့ မရဖြစ်နေပါတယ်။ လယ်သမား ၉၂ ယောက်က ထိခိုက်နစ်နာမှု ရှိနေပါတယ်” ဟု သင်ပုန်တန်းမှ လယ်သမား ခေါင်းဆောင် ဦးမောင်ဖြူသီးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ငပိထုတ်တာတမံကျိုးပေါက်ပြီး ရေလွမ်းနေသည့် နေရာမှာ ကွင်းအမှတ် ၅၀၄ (က)၊ ၅၀၄ (ခ) ဖြစ်ကြောင်း၊ ၎င်းတာတမံအရှည်မှာ ပေ ၁၈၆၀၀ ရှိကြောင်း၊ သိန်းပေါင်း ၂၇၀၀ ဖြင့် အကုန်အကျခံ ဆည်ဖို့ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်ပုန်တန်းကျေးရွာအတွက် ၎င်းတာတမံမှာ လွန်စွာအရေးပါကြောင်း သူက ဆက်လက် ပြောကြားသည်။
သင်ပုန်တန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးသိန်းသို့ ဆက်သွယ်ရာ သူက “ အခု ကျိုးပေါက်သွားတာ သန္တာမြေကုမ္ပဏီက ဆည်ဖို့ထားတဲ့ နေရာကနေ ကျိုးပေါက်သွားခဲ့တာပါ။ အလုပ် လုပ်တာ မသေသပ်တဲ့ အတွက် အခုလို ကျိုးပေါက်သွားခဲ့တာပါ။ လယ်ဧက ၆၀၀ ကျော် ဆုံးရှုံးသွားတဲ့ အတွက် လယ်သမားတွေအတွက် အထူးနစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်” ဟု သူက ပြောကြားသည်။
၎င်းတာတမံကို သန္တာမြေကုမ္ပဏီက လွန်ခဲ့သည့် နွေရာသီက ဆည်ဖို့ခဲ့ကြောင်း၊ ဆည်ဖို့နေစဉ် တစ်လခန့် ရပ်နားထားခဲ့သဖြင့် ပြီးစီးရန် အချိန်မမီ ဖြစ်ခဲ့ကြောင်း၊ လယ်သမားများမှ မြေနိမ့်ပိုင်းများကို ဆည်ဖို့ရန် အကြံပြုထားသော်လည်း လက်မခံဘဲ သူတို့ ဆည်ဖို့ချင်သည့် နေရာကို ဆည်ဖို့ကြောင်း၊ ကျပ်သိန်းပေါင်း ၂၇၀၀ ဖြင့် ဆည်ဖို့သည်ဟု သတင်းများ ဖြစ်ပေါ်နေသော်လည်း သူ့အနေဖြင့် အတိအကျ မသိရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးသိန်က ပြောကြားသည်။
အဆိုပါ တာတမံကိစ္စကို သင်ပုန်းတန်းကျေးရွာလယ်သမား ၉၀ ကျော်မှ လက်မှတ်ရေးထိုးပြီး ယခုလ ၃ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွှင်ထံသို့ စာရေးတင်ပြခဲ့ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အပါအဝင် ပုဏ္ဍားကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာပြည်နယ် မြို့နယ် အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ပို့ပေးခဲ့သည်ဟု သိရသည်။
လယ်သများရေးသားပေးပို့သောစာထဲတွင် ပုဏ္ဍားကျွန်းမြို့နယ် သင်ပုန်တန်းကျေးရွာ ကွင်းအမှတ် ၅၀၄ (က)၊ ၅၀၄ (ခ) င/ပိထုပ်အရှေ့ကွင်း၊ အနောက်ကွင်းတာတမံအား နိုင်ငံတော်မှ ရန်ပုံငွေချပေးပြီး ၂၀၁၇ ခု၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် သန္တာမြေ ကုမ္ပဏီမှ ပေပေါင်း (၁၈၆၀၀) ကိုဆည်ဖို့ရာတွင် စတင်ဆည်ဖို့ချိန်တွင် ကုန်းမြင့်များကို ဆည်ဖို့ပြီး ၂၀၁၈ ခု၊ မေလတွင် ချောင်းများကို ပိတ်ဆို့ခြင်းများ ပြုလုပ်ကြပါသည်။ တောင်သူများမှ အကျိုးအကြောင်း ပြောကြားသော်လည်း လက်ခံခြင်းမရှိ၊ မိုးကျကာလ ရေကြီးချိန်တွင် ချောင်းများကို ပိတ်ဆို့ခြင်းကြောင်း အပြီးမရောက်နိုင်ဘဲ (၂၀၁၈) ဇွန်လ ၁၃ ရက်နေ့လောက်တွင် အကျယ်ပေ (၅၀) ခန့်တစ်ပေါက်နှင့် အကျယ်ပေ (၂၀) တစ်ပေါက်တို့ကျိုးပေါက်သွားခဲ့သည်ဟု ဖော်ပြထားသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီး ဦးကျော်လွှင်အား ဆက်သွယ်မေးမြန်းရာ ယခုနှစ် မိုးရာသီတွင် ပြန်လည် ဆည်ဖို့ရန် မဖြစ်နိုင်တော့ကြောင်း ပြောကြားသည်။
“ ဒီတာတမံကို အစိုးရဘတ်ဂျက်နဲ့ တင်ဒါခေါ်ယူပြီး လုပ်တာ ရှိပါတယ်။ ဆည်ဖို့ခဲ့တာပါ။ ဘတ်ဂျက် အခြေအနေအရ တာတမံကို ပြည့်ပြည့်စုံစုံ ကျွန်တော်တို့ဘက်က ဆည်ဖို့ ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ပေ ၆၀၀၀ ကျော်လောက်ကျန်နေခဲ့ပါတယ်။ ဒါကိုလည်း လာမယ့် ဘတ်ဂျက်မှာ ဘတ်ဂျက်ရရင် တင်ပြတောင်းခံပြီး လွှတ်တော်က အတည်ပြုရင် ဆက်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ဘတ်ဂျက်က ဘယ်လောက်ဆိုတာကိုတော့ ပြောလို့ရှိရင် အဲဒီကိန်းဂဏန်း လွဲသွားမှာစိုးလို့ပါ။ အဲဒီဘတ်ဂျက်က တင်ဒါခေါ်တဲ့ နေရာမှာ အတိအကျရှိပါတယ်။ ဌာနနဲ့ညှိနိုင်းပေါင်းစပ်ပြီး လုပ်သင့်တယ်လို့ တင်ပြတာကြောင့် ဘတ်ဂျက်မှာ ထည့်ပြီး ကျွန်တော်တို့ လုပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးကျော်လွှင်က ပြောဆိုသည်။
အဆိုပါ တာတမံအား တာဝန်ယူ တည်ဆောက်ခဲ့သည့် သန္တာမြေ ကုမ္ပဏီအား ဆက်သွယ် မေးမြန်းလိုသော်လည်း အဆက်အသွယ်မရရှိသဖြင့် ကုမ္ပဏီဘက်မှ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။
“ ကျွန်တော်တို့က လယ်တစ်ခုဘဲ လုပ်တတ်ပါတယ်။ လယ်မလုပ်ရရင် စားဝတ်နေရေး အဆင်မပြေ၊ ဝမ်းစာမရှိဖြစ်သွားနိုင်ပါတယ်။ ဒါ့ပြင် အစိုးရ စိုက်ဘဏ်က ချေးထားတဲ့ ငွေတွေကိုလည်း ပြန်မဆပ်နိုင် ဖြစ်သွားပါမယ်။ ဒါကြောင့် လူတွေက တော်တော်စိုးရိမ်သောက ရောက်နေကြပါတယ်” ဟု လယ်သမားခေါင်းဆောင် မောင်ဖြူသီးက ပြောကြားသည်။







