မြောက်ပိုင်းအဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် မရှိ

မြောက်ပိုင်းအဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်ရန် မရှိ

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ပူးပေါင်းစစ်ရေး လေ့ကျင့်ရန် ပြင်ဆင်နေသည်ဆိုသည့် သတင်းမမှန်ကန်ကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက ငြင်းဆိုလိုက်သည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ ဝပ်ဆိုက် taifreedom.com နှင့် Facebook စာမျက်နှာတို့တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များမှ အဖွဲ့ ၅ ဖွဲ့က မကြာမီတွင် ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မည်ဟု ဖော်ပြခဲ့သည်။

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များဖြစ်သည့် “၀” ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ UWSA ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကိုးကန့်တပ်ဖွဲ့ (၅)ဖွဲ့ တို့သည် ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ဖါဆွမ်ကျေး ရွာအုပ်စု ပန်လောက် ကျေး ရွာ အရှေ့တောင် ဘက်တွင် ရှိသည့် နောင်ကောက်လု ဒေသတိုု့တွင် ပူးတွဲ စစ်ရေးလေ့ကျင့်ရန် ပြင်ဆင်နေသည် ဟု taifreedom.com နှင့် Facebook စာမျက်နှာတိုု့တွင် ရေးသားဖော်ပြထားခဲ့ခြင်း ဖြစ်သည်။

၎င်းနှင့်ပတ်သက်ပြီး “စစ်ရေး လေ့ကျင့်တာတော့ မရှိဘူး။ ဒီသတင်းက မဖြစ်နိုင်တဲ့ကိစ္စပေါ့နော်။ ကျွန်တော်တုုိ့ မြောက်ပိုင်း အဖွဲ့က အဲဖက်မှာသွားပြီးမှ စစ်ရေးလေ့ကျင့်ဖို့ဆိုတာ ဘာကြောင့်လဲ ဆို တော့ နယ်မြေအရ တစ်ဖွဲ့ တစ်နယ်စီဖြစ်တယ်။ ဒါက တမင်သက်သက် လုပ်ကြံပြီး သတင်းတင်တာ” ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

သို့သော် RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဦးမှ အောက်ခြေအဖွဲ့များက တင်ပြလာခြင်းများအပေါ် အခြေခံ၍ ထုတ်ပြန်ထားသည့် သတင်းဖြစ်ကြောင်း ဗွီအိုအေ(မြန်မာပိုင်း) သတင်းဌာနအား ပြောဆိုထားသည်။

အလားတူ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSPP/SSA ၏ သတင်းနှင့် ပြန်ကြားရေး ဌာနကလည်း taifreedom.com နှင့် Facebook စာမျက်နှာတို့တွင် ရေးသားဖော်ပြထားသည့် အဆိုပါကိစ္စမှာ မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း ဇူလိုင် လ(၁၂)ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၏ ထုတ်ပြန်ချက်ထဲတွင် “မိမိတို့ SSPP/SSA နှင့် RCSS အကြား သာမက တခြားမြောက်ပိုင်း မဟာမိတ်များ အားလုံးနှင့်ရော၊ မြန်မာ့တပ်မတော်နှင့် အစိုးရပါ ရိုက်ခတ်မှုဖြစ်စေပြီး မိမိတို့အချင်းချင်းအကြား ယုုံကြည်မှုပျက်ပြားစေရန် လုပ်ကြံရေးသားဝါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း လေ့လာတွေ့ ရှိရပါသည်” ဟု ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ္မတူမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့တွင် မြောက်ပိုင်းမဟာမိတ် (၅)ဖွဲ့ စုပေါင်းကာ ပူးတွဲစစ်ရေးလေ့ကျင့်ရန် ပြင်ဆင်နေခြင်းဟု လုပ်ကြံရေးသားထားသည့် သတင်းကြောင့် ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ်အစည်းအဝေးအား တက်ရောက်နေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များအတွက် အကြပ်ရိုက်စေသည်ဟု SSPP/SSA က ပြောသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုင်းလားအဖွဲ့)၊ တအာင်း/ ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့်တပ်မတော် (AA)တို့ ပါဝင်သည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...