သျှမ်း(ရှမ်း)ပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် စိုက်ရာ ကျေးသီးမြို့နယ် ဝမ့်ဟိုင်းတွင်လည်း မူးယစ်ဆေးဝါးတန်ဖိုးကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။
ဇွန်လ ၂၆ ရက်နေ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် ၂၀၁၈ ခုနှစ်အတွင်း SSPP/SSA မှဖမ်းဆီးရမိခဲ့သော ယာဘအပြားပေါင်း ၅ သိန်းကျော်နှင့် ဘိန်းဖြူ ၊ ဘိန်းမဲ၊ ကိုးကင်း အစရှိမူးယစ်ဆေးဝါး စုစုပေါင်းကာလတန်ဖိုး ကျပ်ငွေသိန်းပေါင်း ၁ သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။
SSPP/SSA ဒုတိယဥက္ကဌ ဗိုလ်ချုပ်ခွန်ဆိုင်က အခမ်းအနားဖွင့်လှစ်ခြင်း အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံမှ ဆီးစစ်ကိရိယာ ထောင်ချီကိုဝယ်ယူကာ မူးယစ်ဆေးဝါးသုံးစွဲသူများအား စစ်ဆေးဖမ်းဆီးပြီးအကျင့် စာရိတ္တပြုပြင်ပေးခဲ့ကြောင်းပြောဆိုသည် ။
ထို့အပြင် အတွင်းရေးမှူး ၂ ဒု ဗိုလ်မှူးကြီးစိုင်းဆုက SSPP/SSA ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ် များနှင့် ဖမ်းဆီးရမိသောမူးယစ်ဆေးဝါးများ နှင့်ပတ်သက်ပြီးရှင်းလင်းပြောကြား ခဲ့သည်။
“ဒီမူးယစ်ဆေးတွေဟာ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းဖမ်းမိတဲ့ မူးယစ်ဆေးတွေဖြစ်ပါတယ်။ ဒီတနှစ်အတွင်း မူးယစ်မှုပေါင်း ၃၃၂ ကျော် ကနေဖမ်းဆီးရမိတဲ့ ဆေးဝါးတွေဖြစ်တယ်။ ဘိန်းဖြူ ၊ ဘိန်းမဲ ပိသာ ၂၀ ကျော်တယ်။ ယာဘက အပြားပေါင်း ၅ သိန်းကျော်တယ်။ ကာလတန်ဖိုး တွက် မယ်ဆိုရင်တော့ ကျပ်သိန်းပေါင်း ၁ သောင်းထက်မနည်းဘူးလို့ခန့်မှန်းရပါတယ်။ အခမ်းအနားတက်ရောက်သူ လူထုနဲ့ ကေဒါတပ်သား စုစုပေါင်း ၂၀၀၀ ကျော်ရှိပါတယ် ”- ဟု ဒု ဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများလျော့ကျစေရေးအတွက်ရည်ရွယ်ကြောင်း၊ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို လူထုထံပြန်လည်ရောက်ရှိမသွားစေရန်ရည်ရွယ်ကြောင်း ဗိုလ်မှူးကြီးစိုင်းဆု ကပြောသည်။
“မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာ မိမိဆန္ဒအလျောက် ကျနော်တို့ထံလာရောက်ဝန်ခံသူအား အပြစ်မပေးဘူး ။ ၃ လတာပြုပြင်ပေးတယ်။ အဲလိုမဟုတ်ဘဲ ဖမ်းဆီးရမိတယ်ဆိုရင်တော့ ၆ လ ဖမ်းဆီးပြစ်ဒဏ်ပေးပြီး ပြုပြင်ပေးတယ်၊ ရောင်းဝယ်သူတွေကိုဖမ်းမိရင် ဒဏ်ငွေဆောင်ခိုင်းတယ် ထောင်ဒဏ် ၁ နှစ် အလုပ်ကြမ်းနဲ့ အပြစ်ပေးတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးကိုမစိုက်ပျိုးဖို့ မရောင်းဝယ်ဖို့ မသုံးစွဲဖို့ တားမြစ်ထားတယ်။ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမမှီနိုင်သေးလို့ တခြားဒေသကလာတဲ့ မူးယစ်ဆေးဝါးတွေလည်းရှိနေတော့ လုံး၀ကင်းစင်အောင်တော့ မတိုက်ဖျက်နိုင်သေးဘူး။” – ဟု ဗိုလ်မှူးကြီးစိုင်းဆုကပြောသည်။
ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ထုတ်ပြန်ကြေငြာသော SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့်စက်ရုံရှိသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးစိုင်းဆုက – “တိကျသေချာတဲ့မြေပုံအညွန်းနဲ့တကွ ကျနော်တို့ကိုပေးပို့ပါ ။ ရှင်းလင်းတိုက်ဖျက်ရေးမှာ လက်တွဲပူးပေါင်းဖို့ကျနော်တို့က အသင့်ရှိနေပါတယ်။ သို့မဟုတ် လူကြီးမင်းတို့မလာနိုင်ဘူးဆိုရင်လည်း ကျနော်တို့ကိုယ်တိုင်ကွင်းဆင်းရှင်းလင်းပေးလည်းရတယ်။ တိကျသောမြေပုံအညွှန်းမပါရင်တော့ ဒါ စွပ်စွဲတာသက်သက်ပါဘဲ ”- ဟု ပြောဆိုသည်။
ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကို ၁၉၈၇ ခုနှစ်က စတင်သတ်မှတ်ခဲ့ရာ ၃၁ နှစ်မြောက်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များဘက်ကပါ အခမ်းအနားများကျင်းပခဲ့သည်။







