ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်းဒေသ နှောင်းမှီကျေးရွာ ဒေသခံများနှင့် ယုဇနကုမ္ပဏီ ကြား လယ်ယာမြေ ပြဿနာအငြင်းပွားမှုကို ကုမ္မဏီမှ ဒေသခံတောင်သူ (၄)ဦးကို ‘မြေလွတ်မြေလပ်’ ဥပဒေဖြင့် တန်ပြန် တရားစွဲဆိုထားသည်။
ကုမ္ပဏီ မန်နေဂျာ ဦးအေးဝင်း တရားလိုပြုလုပ်ကာ မြေလွတ်မြေလပ် ဥပဒေ ပုဒ်မ ၂၇ ဖြင့် ဒေသခံ ၄ ဦးကို တရားစွဲဆိုထားပြီး စွပ်စွဲခံရသူများအား တရားရုံးကို ရောက်မလာလျှင် ငွေဒဏ် ကျပ် သိန်း (၃၀) ပေးဆောင် ရမည်ဟု ကုမ္ပဏီဘက်မှ ပြောလာသောကြောင့် အပတ်စဉ် ဖားကန့် တရားရုံးသို့ သွားရောက်တရားရင်ဆိုင်နေရကြောင်းကို စွပ်စွဲခံရသူ Slg. Seng Li (ဦးဆိုင်းလီ) က ပြောဆိုသည်။
“အခုတရား စွပ်စွဲခံရတာ က ယုဇနကုမ္မဏီရဲ့ ကြံခင်း ဧက ၂၀၀၀ ကျော် ကို ပျက်စီးစေတယ်ဆိုပြီး တရားစွဲတာ။ ဒီနေရာတွေက မူလ ကျွန်တော်တိုရဲ့လယ်ယာ တွေပါ။ သူတို့က မတရားသိမ်းသွားပြီး မတရားလုပ်ငန်းတွေ ဝင်လုပ်ထား တယ်။ ဒါကြောင့်အခုလိုဖြစ်နေရတာပါ။ ဒီနေရာတွေဟာ ဘိုးဘွားပိုင်မြေယာဖြစ်တယ်။”
အဆိုပါ မြေယာများသည် ‘မြေလွတ်မြေလပ်’ မဟုတ်ကြောင်း နှင့် ယုဇနကုမ္မဏီ နှင့်လုံးဝ မသက်ဆိုင်ကြောင်း ကို ၎င်း က ဆက်လက်ပြောကြားသည်။
၂၀၀၆ မြန်မာစစ်အစိုးရက ဟူးကောင်းဒေသရှိ လယ်ယာမြေ ဧက သိန်းချီကို ယုဇနကုမ္မဏီအား လုပ်ကိုင်ခွင့်ပေးပြီးနောက် အဆိုပါဒေသများသို့ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန်ဖြစ်သည် ဟုဆိုပြီး စက်ယန္ဒရားများဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။
ယုဇနကုမ္မဏီ ဝင်ရောက်လာပြီး ၂၀၀၈ မှစတင်ပြီး ဒေသခံများ၏ မြေယာများကို အုပ်ချူပ်ရေးဆိုင်ရာများနှင့် ပူးပေါင်း ပြီး အစိုးရအမိန့်ဖြစ်သည်ဟု ဆိုကာ လျှော်ကြေးမပေးဘဲ ကုမ္ပဏီမှ သိမ်းယူခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထိုသို့ မတရား သိမ်းပိုက်ခံ လယ်ယာများကို ပြန်လည်ရရှိရန် ဒေသခံ တောင်သူများက အစိုးရကို နည်းလမ်း အမျိုးမျိုးဖြင့် တင်ပြတောင်းဆိုခဲ့သော်လည်း ယခုချိန်ထိ အောင်မြင်မူမရှိဘဲ ပိုမိုဆိုးရွားလာ ကြောင်း မြေယာအရေး ကျွမ်းကျင်သူ ဒေါ်ဘောက်ဂျာ က ပြောဆိုသည်။
“အစိုရအနေနဲ့ ဒီပြသာနာကို အခုချိန်ထိ ဖြေရှင်းမူမရှိသေးဘူး။၊ အစိုးရ နှစ်ခုသာ ပြောင်းသွားတယ်။ ဘာကြောင့် မဖြေရှင်း ပေးတာကို မသိပါဘူး။ အစိုးရသော်လည်ကောင်း ၊ သစ်တောဌာန သော်လည်းကောင်း၊ တောင်သူတွေရဲ့ မြေယာ တွေကို အမြန်ဆုံး တာဝန်ယူဆောင်ရွက်ဖြေရှင်းပေးသင့်တယ်။”
ထို့အပြင် ဒေသခံ တောင်သူ (၄)ဦး အား မြေလွတ်မြေလပ် ဥပဒေ ပုဒ်မ(၂၇)ဖြင့် စွတ်စွဲခြင်းသည်လည်း ဥပဒေ မမြောက်ကြောင်းကို ဒေါ်ဘောက်ဂျာက သုံးသပ်သည်။
“၂၀၀၆ ကစပြီး ယုဇန ကုမ္ပဏီ က တောင်သူတွေရဲ့လယ်မြေယာကိုသိမ်းယူတယ်။ နောက်ပြီး ၂၀၀၈ အထိကောင်အထည်မဖော်ဘဲ ပစ်ထားတယ်။ တောင်သူ လယ်ပိုင်ရှင်တွေက အရင်ကတည်း လျှော်ကြေး မရခဲ့တဲ့အတွက်၂၀၀၈ ကစပြီး ဥပဒေ အရ စားဝတ်နေရေးများအဆင်ပြေစေရန် မိမိလယ်ယာများကို ပြန်လည်လုပ်ငန်းလုပ်ဆောင်ကြတယ်။ နောက်တစ်ကြိမ် ယုဇနကုမ္မဏီ က တောင်သူတွေရဲ့လယ်များကိုထပ်မံသိမ်းယူတယ်။”
ဟူူးဟောင့်ချိုင့်ဝှမ်းဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေသဖြင့် ပြည်သူများသည် ဝမ်းစာအတွက် လယ်ယာစိုက်ပျိုးခြင်းကိုသာ အဓိက မှီခို လုပ်ကိုင်စားသောက် နေရကြပါသည်။







