သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ဦး သေနတ်ပစ်ခံရ

သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ဦး သေနတ်ပစ်ခံရ
by -
နန်းဆိုင်နွမ်
သေနတ်ပစ်ခံရ ကုန်းသာကျေးရွာ ဒေသခံ
သေနတ်ပစ်ခံရ ကုန်းသာကျေးရွာ ဒေသခံ

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာ ဒေသခံ ၂ ဦး မေ ၂၀ ရက် မနက် ၁ နာရီတွင် သေနတ်ပစ်ခံရပြီး မန္တလေး ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

“ သေနတ်ပစ်ခံရတာက လင်မယား ၂ယောက်ပါ။ အမျိုးသားကတော့ ပေါင် မှာ ၂ချက်၊ အမျိုးသမီးကတော့ မျက်နှာ မှာ ၁ ချက်၊ ဝမ်းဗိုက်မှာ ၁ ချက် နဲ့ပေါင် မှာ ၁ ချက်ပါ။ ကလေးကတော့ မထိဘူး။ မန္တလေး ဆေးရုံ ပို့ပေးထားပါတယ်” ဟု သီပေါမြို့ နယ်စည်းမခြား လူမှုကူညီရေး အသင်း မှ ကိုမျိုးက ပြောသည်။

ကုန်းသာ ကျေးရွာ ဒေသခံ၂ ဦးကို မည်သည့် အဖွဲ့မှ လာရောက်ပစ်ခတ်သည်ကို မသိရှိရသေးကြောင်း၊ လက်ရှိ အချိန်မှာတော့ အသက် အန္တရာယ် စိုးရိမ် စရာ မရှိကြောင်းလည်း ကိုမျိုးက ပြောဆိုသည်။

“ မနက် မှာ ကုန်းသာ ဒေသခံ တဦးက ဖုန်းဆက်လာလို့ ကျနော်တို့အဖွဲ့နဲ့ သီပေါမြို့နယ် ရဲစခန်းကလူတွေ သွားပြီး ဒဏ်ရာ ရတဲ့သူကို သွားကူတာပါ။ ဘယ်အဖွဲ့လက်ချက်ဆိုတာတော့ ကျနော်လည်း မသိဘူး” ဟု ကိုမျိုးက ဆိုသည်။

ယခု မေ အတွင်း သီပေါမြို့နယ် အတွင်း မကြာခဏ သေနတ်ပစ်ခတ်ခံရကာ သေဆုံးမှုများရှိနေပြီး မေ ၉ ရက် နေ့တွင် ကုန်သာကျေးရွာ ဒေသခံတဦးလည်း အမည်မသိအဖွဲ့မှ သေနတ်ပစ်ကာ သေဆုံးခဲ့သေးကြောငး် သိရသည်။

“ သီပေါမြို့နယ် ခဏခဏ သေနတ်ပစ်ခံရတဲ့ သတင်းကြားရတယ်။ အိမ်ထဲထိ ဝင်ပစ်သွားတာတွေကြားရတော့ အလိုလို ကြောက်နေရတယ်။ လုံခြုံမှု မရှိတော့သလိုပါပဲ” ဟု သီပေါမြို့ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

သီပေါမြို့နယ် တွင် မြန်မာတပ်မတော်၊ ရှမ်း(သျှမ်း)ပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA ) တို့ လှုပ်ရှားနေသည့်နေရာ လည်း ဖြစ်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...