နှစ် ၆၀ ပြည့် ရှမ်းတော်လှန်ရေးနေ့ အခမ်းအနား ၀မ့်ဟိုင်းနှင့် လွယ်တိုင်းလျန်းတို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပ

နှစ် ၆၀ ပြည့် ရှမ်းတော်လှန်ရေးနေ့ အခမ်းအနား ၀မ့်ဟိုင်းနှင့် လွယ်တိုင်းလျန်းတို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပ
လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပသော နှစ် ၆၀ ပြည့် ရှမ်းတော်လှန်ရေးနေ့အခမ်းအနား
လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပသော နှစ် ၆၀ ပြည့် ရှမ်းတော်လှန်ရေးနေ့အခမ်းအနား

မေလ ၂၁ ရက်နေ့တွင်ကျရောက်သော နှစ် ၆၀ ပြည့် ရှမ်း(သျှမ်း)တော်လှန်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ စည်ကားလျှက်ရှိကြောင်းသိရသည်။

SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းဌာနချုပ်တွင် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားအား နောင်ငင်းခန်းမတွင်ကျင်းပရာ တပ်ဖွဲ့အတွင်းအကြီးအကဲများ၊ တပ်သားထုနှင့် ဒေသခံမိဘပြည်သူလူထု ရာနှင့်ချီတက်ရောက်ကြောင်းသိရသည်။

အခမ်းအနားအား မေလ ၂၁ ရက်နေ့ နံနက် ၈ နာရီတွင်စတင်ပြီး အမျိုးသားရေးလုပ်ငန်းစဉ်တလျှောက်သေကြေကျဆုံးသွားသော တပ်သားထုနှင့်ပြည်သူလူထုအတွက် အလှူဒါနပြုကုသိုလ်ပေးဝေခဲ့ကြောင်း၊ နေ့လည်ပိုင်း ဆွမ်းကပ်အလှူပြုမှုလည်းရှိခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တပ်ဖွဲ့အကြီးအကဲများဖြစ်ကြသော နာယကကြီး ဗိုလ်ချုပ်ကြီးဆေထင်၊ ဒုဥက္ကဌ ၁ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ အတွင်းရေးမှူးများ၊ စစ်ဦးစီးများနှင့် အကြီးအကဲများ၊ ကေဒါတပ်သားများနှင့်မိဘပြည်သူလူထု စုစုပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့သည်။

နာယကကြီးဗိုလ်ချုပ်ကြီးဆေထင်က မိန့်ခွန်းပြောကြားရာတွင်- ကနေ့ခေတ်လူငယ်ထုအနေဖြင့် သမိုင်းလေ့လာသင်ယူသင့်ကြောင်း၊သမိုင်းမလေ့လာပါက ဒုတိယအကြိမ်ရှုံးနိမ့်မည်ဖြစ်ကြောင်း၊ ဆုံးဖြတ်ချက်ချရာတွင် လျင်မြန်ဖြတ်လတ်တိကျပါးနပ်သောဆုံးဖြတ်ချက်ဖြစ်စေလိုကြောင်း၊ ယခင်ကမှားယွင်းခဲ့သည်များကိုသင်ခန်းစာရယူကာ တက်သစ်စ လူငယ်များဆုံးဖြတ်ချက်ချမှန်ကန်စေလိုကြောင်း ေပြာဆိုသွားခဲ့သည်။

ထို့အပြင် သျှမ်းတော်လှန်ရေးဖြစ်ပေါ်လာပုံသမိုင်း၊ စော်ဘွားများသမိုင်း၊ သွေးထိုးခံရမှုကြောင့်စော်ဘွားများစိတ်ဝမ်းကွဲရကြောင်း၊ တရုတ်ဖြူတပ်များအားနှိမ်နင်းရန်အကြောင်းပြချက်ဖြင့် မြန်မာ့တပ်မတော်မှ သျှမ်းပြည်တွင်းဝင်ရောက်နေရာယူလာသည်မှာယနေ့တိုင် တပ်ရုတ်ပြန်ခြင်းမရှိသေးကြောင်းအစရှိသည်တို့ကိုပါ ပြောဆိုသွားခဲ့သည်။

RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် ကျင်းပသော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်း အနားတွင်မူ ဗိုလ်ချုပ်ကြီးယွက်စစ်က – ကျဆုံးသွားသော ကေဒါ တပ်သားများအား လေးစားဂုဏ်ယူကြောင်း၊ လက်ရှိအမျိုးသားရေးတာဝန်ထမ်းဆောင်နေဆဲ ကေဒါတပ်သားများအား အားပေးဂုဏ်ပြုကြောင်း- ပြောဆိုသွားခဲ့သည်။

လွယ်တိုင်းလျန်းတွင်ကျင်းပသော သျှမ်းတော်လှန်ရေးနေ့တွင် ကေဒါတပ်သား၊ အရာရှိအရာခံများအပါအဝင်ဒေသခံလူထု စုစုပေါင်း ၅၀၀ ထပ်မနည်းတက်ရောက်ခဲ့ကြကြောင်းသိရသည်။

အခမ်းအနားတွင် ကျဆုံးလေပြီးသော ရဲဘော်များအတွက် လွမ်းသူ့ပန်းခွေများ ချခြင်း၊ ဆေခန်ဘွားဘုရင်ရုပ်ထုနှင့် တော်လှန်ရေးဖခင်ကြီးဟုခေါ်ဆိုထိုက်သူတဦးဖြစ်သော ဗိုလ်မိုးဟိန်းခေါ် စဝ်ကွဏ်းဇိန်း၏ ရုပ်ထုတို့တွင်လည်း ပန်းစည်း ပန်းခွေများချခြင်းပြုလုပ်ခဲ့ကြကြောင်သိရသည်။

၁၉၅၈ မှ ၂၀၁၈ အထိ နှစ်ပေါင်း ၆၀ တိုင်တိုင် သျှမ်းတော်လှန်ရေးမပြီးဆုံးနိုင်သေးသည်မှာ တိုင်းရင်းသားဒေသမများတွင် တရားမျှတမှုမရှိခြင်း ၊ လူအချင်းချင်း ဖိနှိပ်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောဆိုသည်။ ထို့အတွက် သျှမ်းတော်လှန်ရေးနေ့သည် အမျိုးသားရေးအတွက် အသက်စွန့်သွားသော မျိုးချစ်ပုဂ္ဂိုလ်များအား အောင့်မေ့သတိယခြင်းအထိမ်းအမှတ်အဖြစ်အလှူပြုကာ အမျှအတန်း ပေးဝေခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

သျှမ်းလူငယ် ၃၁ ဦးသည် ၁၉၅၈ ခုနစ် မေလ ၂၁ ရက်နေ့က မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းတနေရာတွင် သျှမ်းပြည် လွှတ်မြောက်ရေးအတွက် သွေးသစ္စာရေသောက်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ငန်းစတင်ခဲ့သည်ဖြစ်ရာ သျှမ်းတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...