ကျောက်မဲမြို့ရောက် စစ်ရှောင် ၂၀၀ ကျော် နေရပ်မပြန်ဝံ့သေး မြို့ပေါ်တွင်သာ အိမ်ငှားနေရ

ကျောက်မဲမြို့ရောက် စစ်ရှောင် ၂၀၀ ကျော် နေရပ်မပြန်ဝံ့သေး မြို့ပေါ်တွင်သာ အိမ်ငှားနေရ
by -
နန်းဆိုင်နွမ်
ကျောက်မဲမြို့နယ် ကွန်ကော် ကျေးရွာ၊ တော့ဖယ် ကျေးရွာ မှစစ်ဘေးရှောင်လူထု တချို့
ကျောက်မဲမြို့နယ် ကွန်ကော် ကျေးရွာ၊ တော့ဖယ် ကျေးရွာ မှစစ်ဘေးရှောင်လူထု တချို့

ကျောက်မဲမြို့သို့ရောက်ရှိခိုလှုံနေကြသည့် ကျေးလက်ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည် ၂၀၀ကျော် မှာ နေရပ် မပြန်နိုင်သေးဘဲ ကျောက်မဲမြို့ ပေါ်တွင် အိမ်၊ အခန်းငှားနေထိုင်နေကြရကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် ကွန်ကော် ကျေးရွာ၊ တော့ဖယ် ကျေးရွာ မှစစ်ဘေးရှောင်လူထုများဖြစ်ကြပြီး လက်ရှိတွင် တိုက်ပွဲ ငြိမ်နေသော်လည်း ၄င်းတို့ရွာအနီးတဝိုက် တပ်ဖွဲ့ ၂ ဖွဲ့လုံးမှ ဖြတ်သန်းသွားလာနေကြသဖြင့် အချိန်မရွေး တိုက်ပွဲများပြန်ဖြစ်လာမည်ကိုစိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များကပြောသည်။

ကျောက်မဲ နမ့်ခုံး ပရဟိတ အသင်း မှ ဦးလုံးသိန်းငွေက- “ အခု ကျောက်မဲ စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်း ကြီးကျောင်းကလည်း သူတို့ကိုလက်မခံတော့ဘူး။ တချို့ကိုတော့ နေရပ် ပြန်ပို့ပြီ။ ဒီ ကျန်တဲ့အဖွဲ့ကတော့ မပြန်ရဲ သေးတာ။ ၂၀၀ ကျော်ရှိမယ်။ တချို့ က အမျိုးတွေအိမ်မှာသွားပြီးခိုလှုံနေကြတယ်။ တချို့ကလည်းအမျိုးမရှိတော့ အိမ်ငှားနေကြရတယ်” ဟု ဆိုသည်။

အိမ်ငှား စရိတ်မှာ ကျပ်ငွေ ၂သောင်း မှ ၆သောင်း ရှိပြီး၊ လက်ရှိမှာတော့ နေ့စား ဝင်ငွေ တရက်လျှင် ၅၀၀၀ ကျပ်ဖြင့် အလုပ်လုပ်နေကြသည် ဟုလည်း သိရသည်။

တော့ဖယ်ကျေးရွာမှ စစ်ရှောင် တဦး က “ ဝင်ငွေ မရှိဘဲ ရက်ရှည်နေလာတော့ အခက်အခဲရှိလာတယ်။ ပြန်မယ်ဆိုတော့လည်း တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ ၂ ဖွဲ့လုံးက ရွာနားတဝိုက်သွားလာနေသေးတယ်။ အဲတာကြောင့် အခု မြို့ထဲမှာအိမ်ငှားပြီးနေနေရတယ်။ သင်္ကြန်မတိုင်ခင်ကတည်းကဘဲ” ဟု ပြောပါသည်။

သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA ) နှင့် တအာင်း (ပလောင်) TNLA တို့သည် မတ်လကတည်းက တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ကျေးလက်ဒေသခံများမှာ မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

လက်ရှိတွင်လည်း အစိုးရတပ်မတော် သည် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အား လည်းကောင်း၊ တအာင်းတပ်မတော် TNLA အားလည်းကောင်း မေလ ဆန်းပိုင်းမှ စ၍ တိုက်ပွဲများ ပြန်ဖြစ်လာသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...