RCSS/SSA နှင့် TNLA တွေ့ဆုံရေးထပ်မံညှိနှိုင်းရဦးမည်ဟု RCSS/SSA ပြော

RCSS/SSA နှင့် TNLA တွေ့ဆုံရေးထပ်မံညှိနှိုင်းရဦးမည်ဟု RCSS/SSA ပြော
by -
နန်းဆိုင်ဖူး

ရှမ်း(သျှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအောင်းတပ်ဖွဲ့ TNLA တို့အကြား မတ်လနှောင်းပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း တိုက်ပွဲများကြောင့် တွေ့ဆုံရေးမဖြစ်နိုင်သေးကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး ကပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် အနှစ်သာရရှိသည့် တွေ့ဆုံမှုမျိုး ဖြစ်ရန်အတွက် နှစ်ဖက်ကြိုတင်ညှိနှိုင်းထားရမည် ဖြစ်ကြောင်း ၄င်းကပြောသည်။

“ကျနော်တို့ တွေ့ဖို့ ရက်ချိန်းတော့ မရသေးဘူး။ တွေ့ဆုံဖြစ်မလား မတွေ့ဆုံဖြစ်ဘူးလားဆိုတော့ ပြန်ဆွေးနွေးရအုံးမှာပါ၊ တွေ့ဆုံတယ်ဆိုတာက အနှစ်သာရ ရှိတဲ့တွေ့ဆုံဆွေးနွေးမှုတွေဖြစ်ရမယ်လေ။ တွေ့ဆုံပြီးတော့ လက်တွေ့မှာ ဘာမှ လုပ်ဆောင်နိုင်မှု မရှိဘူူးဆိုရင်လဲ ဘာမှ ထူးလာမှာ မဟုတ်ဘူးပေါ့နော်၊ တွေ့ဆုံတယ်ဆိုတာ ညှိနှိုင်းကြရမယ် ညှိနှိုင်းဖို့ နှစ်ဖက်လုံးကလဲ အဆင်ပြေတဲ့ ညှိနှိုင်းမှုတွေ ဖြစ်ရမယ်၊ တဖက်ရဲ့အလိုကို တစ်ဖက်က လိုက်လျောပေးဖို့လိုမယ်၊တကယ်လို့ ညှိနှိုင်းလို့အဆင်မပြေရင် မတွေ့ဆုံတာ နဲ့ အတူတူပဲ။ ဒါကြောင့် အခုလို မတွေ့ဆုံခင်ကတည်းက နှစ်ဖက်က ဘယ်လိုအခြေနေတွေ ရှိတယ်ဆိုတာ ကြိုတင်ညှိနှိုင်းထားရမယ်” ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး ကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအောင်းတပ်ဖွဲ့ TNLA တို့သည် မတ်လလယ်ပိုင်းကစပြီး နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တဖက်တွင်လည်း ၄င်းတို့ ၂ ဖွဲ့မှာ အစိုးရတပ်နှင့်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အစိုးရစစ်တပ်က စစ်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရွာသားများ နမ္မတူဘက်သို့ စစ်ရှောင်လာခဲ့သည်မှာ ယနေ့တိုင် ၁၅ ရက်ကျော်ကြပြီဖြစ်သော်လည်း နေရပ်သို့ မပြန်နိုင်ကြသေးပေ။ လက်ရှိတွင် RCSS/SSA နှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း ဒု ဗိုလ်မှူးကြီးစိုင်းဦးကပြောသည်။ ထို့ကြောင့်စစ်ဘေးရှောင် ဒုက္ခသည်များမှာ မတ်လ ၃၀ ရက်နေ့တွင် နေရပ်ပြန်ကြရန်စီစဉ်နေကြကြောင်း သိရသည်။

RCSS/SSA နှင့် TNLA တို့သည် ၂၀၁၄ ခုနှစ်မှစပြီး တိုက်ပွဲများစတင်ဖြစ်ပွါးလာခဲ့သည်။ ၂ ဦး ၂ ဘက်ကြား အပစ်ရပ်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် ယနေ့တိုင် တွေ့ဆုံနိုင်ခြင်းမရှိသေးပေ။

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...