ကျောက်မဲမြို့သို့ စစ်ရှောင် ၂၀၀ ကျော်ရောက်ရှိ ၊ ရွာတွင် ၁၀၀၀ ခန့်ပိတ်မိနေ

ကျောက်မဲမြို့သို့ စစ်ရှောင် ၂၀၀ ကျော်ရောက်ရှိ ၊ ရွာတွင် ၁၀၀၀ ခန့်ပိတ်မိနေ
ကျောက်မဲမြို့ အောင်မင်္ဂလာကျောင်းတိုက် ရှိစစ်ရှောင်များ
ကျောက်မဲမြို့ အောင်မင်္ဂလာကျောင်းတိုက် ရှိစစ်ရှောင်များ

ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA တအာင်းတပ်နှင့် RCSS/SSA တို့ကြားတိုက်ပွဲကြောင့် ဒေသခံလူထု ၂၀၀ ကျော်မှာ ကျောက်မဲမြို့ အောင်မင်္ဂလာကျောင်းတိုက်တွင်ခိုလှုံနေကြကြောင်းသိရသည်။

ကျောက်မဲမြို့နယ် အုံးအွီးရွာသား ၂၃၃ ယောက်မှာ မတ်လ ၁၆ ရက်နေ့က ကျောက်မဲမြို့သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး နေရပ်မပြန်နိုင်သေးသည့်အပြင် ကျေးလက် ၂ ရွာမှရွာသားများမှာ ၂ ဖက်တပ်လှုပ်ရှားမှုကြားမှ ထွက်ပြေးနိုင်ခြင်းမရှိသေးကြောင်း ကျောက်မဲဒေသခံများကပြောသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က – "အခုရောက်လာတာက အုံးအွီးရွာသား ၂၀၀ ကျော်ဘဲ။ အောင်မင်္ဂလာကျောင်းတိုက်မှာ ခိုလှုံနေတယ်။ ကျောင်းရယ်၊ ရွာသားတွေရယ် ကူညီထောက်ပ့ံမှုပေးထားတယ်သူတို့ကို ။ ရွာဖက်မှာလည်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွါးနိုင်တယ်လေ။ ဒါကြောင့်သူတို့တွေနေရပ်မပြန်ရဲသေးကြဘူး”-ဟု ပြောသည်။

ကျောက်မဲမြို့ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်ဝေးသည့် တော့ဖယ်၊ ကွန်ကော်ရွာသား ၁၀၀၀ ခန့်မှာလည်း ၂ ဖက်တပ်ကြားပိတ်မိနေကြောင်း ကျောက်မဲမြို့ခံ စိုင်းလျံက ပြောသည်။

“TNLA တအာင်းတပ် က ကွန်ကော်နဲ့တော့ဖယ်ရွာထဲမှာလှုပ်ရှားတယ် RCSS/SSA က ရွာအပြင် ဘက် ကနေလှုပ်ရှားတယ်။ တိုက်ပွဲကအချိန်မရွေးဖြစ်ပွါးနိုင်တယ်။ ဒါပေမယ့်ရွာသားတွေက ထွက်ပြေးလို့မရဘဲ ညှပ်နေတယ်။ တရွာမှာလူဦးရေ ၅၀၀ လောက်ရှိတယ်။ ၂ ရွာဆိုတော့ ၁၀၀၀ လောက်ရှိနေတုန်းဘဲ။ ကျောက်မဲဘက်က ကူညီမှုအဖွဲ့တွေလည်း သွားမထုတ်လာနိုင်သေးဘူး။ လမ်းမှာ မြေမြုပ်မှိုင်းတွေ ဘာတွေရှိနိုင်တယ်လေ”- ဟု ဦးလုံးလျံက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်လည်း TNLA တအာင်းတပ်နှင့် RCSS/SSA တောင်ပိုင်း သျှမ်းပြည် တပ်မတော်တို့ကြားတိုက်ပွဲများအပြင် အစိုးရတပ်မတော်နှင့်လည်းတိုက်ပွဲများဖြစ်ပွါးမှုကြောင့် နမ္မတူမြို့နယ် အတွင်း စစ်ဘေးရှောင် (ယခင်ရှိရင်းစွဲနှင့်ယခုအသစ်ထပ်မံရောက်ရှိလာသူများ) စုစုပေါင်း ၁၅၀၀ ခန့်ရှိကြောင်း စစ်ဘေးရှောင်များကူညီရေးကော်မတီမှ စိုင်းဘဉာဏ်ကပြောသည်။

၄င်းအပြင်စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခြင်းခံသွားရသည့်ရွာသားများလည်းရှိနေရာ မည်သည့် တပ်ဖွဲ့မဆို ဖမ်းဆီးခေါ်ဆောင်သွားပါက အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့ကတောင်းဆိုလိုက်သည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...