ရှမ်း(သျှမ်း)တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၏ ဗဟိုအကြံပေးပုဂ္ဂိုလ် စဝ်ယွန်းပိုင် အသက် ရ၁ နှစ်သည် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ၄င်း၏နေအိမ်၌ မတ်လ ၅ ရက်နေ့ ည ၈ နာရီခွဲက ကွယ်လွန်သွား ခဲ့ခြင်းဖြစ်သည်။
စဝ်ယွန်းပိုင်၏ ကျန်ရှိ ရုပ်အလောင်းကို မတ်လ ၇ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် တောင်ကြီးမြို့ရှိ တိုင်းရင်းသားပေါင်းစုံသုသာန် ၌ သဂြိုလ်မည်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ စဝ်မြဝတီ ကပြောသည်။
“မနေ့ညက ရုတ်တရက် နေအိမ်မှာ ဆုံးသွားတယ်။ သူ့မှာ နှလုံးရောဂါ ရှိတာ ၁၀ နှစ်လောက်ရှိပြီ ။ ဆေးလည်း ပုံမှန်သောက်တယ် သွားလာလှုပ်ရှားနိုင်သေးတယ် ” ဟု စဝ်မြဝတီ ကပြောသည်။
စဝ်ယွန်းပိုင်ကွယ်လွန်သွားမှုကြောင့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) အတွက် ကြီးမားသောဆုံးရှုံးမှု တစ်ခုဖြစ်ကြောင်း ကျားဖြူပါတီ အမှုဆောင်အဖွဲ့ဝင် နန်းဝါနု ကပြောသည်။
“ကျမတို့ ပါတီအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ ။ ကျမ လွှတ်တော်ကိုယ်စားလှယ်ဖြစ်အောင် သူပဲ တိုက်တွန်းတာလေ။ မနေ့ နေ့လည် ၁၁ နာရီလောက်က သူ နဲ့ ဖုန်းပြောဖြစ်သေးတယ် ။ ကျမတို့ ပါတီတွင်း ရှေ့ဆက်လုပ်ဆောင်သွားမယ့် အလုပ်တွေ သူ အကြံဉာဏ်ပေးခဲ့တယ်။ သူက ကျမတို့ ပါတီအတွက် များစွာအကြံပေးနိုင်ခဲ့တယ်” ဟု နန်းဝါနု ကပြောသည်။
စဝ်ယွန်းပိုင်သည် ကျားဖြူပါတီ ဖွဲ့စည်းဖြစ်ပေါ်လာရေးအတွက် များစွာ ကူညီခဲ့သူတစ်ဦးဖြစ်ပြီး သျှမ်းပါတီ ပူးပေါင်းရေးလုပ်ငန်းတွင်လည်း အင်တိုက်အားတိုက် တိုက်တွန်းပေးသူ တစ်ဦးဖြစ်ပါသည်။







