ဟူးကောင်း လီဒိုလမ်း ကျေးရွာသားများ စစ်ပြေး ဒုက္ခသည်လို ခံစားနေရ

ဟူးကောင်း လီဒိုလမ်း ကျေးရွာသားများ စစ်ပြေး ဒုက္ခသည်လို ခံစားနေရ

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ စစ်ပဋိပက္ခများနှင့် မြန်မာအစိုးရတပ်၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် လီဒိုလမ်းမ ကျေးရွာများမှာ အလိုအလျောက် စစ်ပြေးဒုက္ခသည်များသဖွယ် အခက်အခဲများနှင့် ရင်ဆိုင်ရပ်တည်နေရပါသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား တိုက်ပွဲကြောင့် လီဒိုလမ်း ဒေသခံများမှာ ရံဖန်ရံခါ လက်နက်ကြီးကျည်နှင့် လေယာဉ်ဗုံးဒဏ် ထိမှန်ခံရသည့်အပြင် ဖမ်းဆီး ချုပ်နှောင် နှိပ်စက်ခံရခြင်းတို့ ဖြစ်ပေါ်နေကြောင်း ဒေသခံ ရွာသားများ က ပြောဆိုပါသည်။

ထို့ကြောင့် လီဒိုလမ်း ကျေးရွာ (၂၅) ရွာမှ ပြည်သူများ အရေးအပေါ် အစည်းအဝေးတစ်ခု ဖေဖော်ဝါရီ (၁၉) ရက်နေ့ Wa Ra Zup (ဝါရာဇွပ်) ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ချက် ဖြင့် တောင်းဆိုမှုများပြုလုပ်ခဲ့သည်။

ရွာသားများ ထွက်ပြေးစရာ မြေမရှိသောကြောင့် ၄င်းတို့ကျေးရွာများမှာပဲ နေထိုင်သွားမယ်ဟု ဆုံးဖြတ်ခဲ့ကြောင်း Wa Ra Zup ကျေးရွာမှ Slg. Tang Gun (ဦးတန်ဂွန်း) က ပြောဆိုပါသည်။

လီဒိုလမ်း ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့ MRJ တို့၏ ၂၀၁၇-၂၀၁၈ စာရင်းပြုစုမှုအရ ဟူးကောင်းဒေသခံ ဖမ်းဆီးချုပ်နှောင်ခံရသူ (၄၂) ဦး၊ ဒဏ်ရာရရှိသူ (၁၃) ဦးနှင့် သတ်ဖြတ်ခံရသူ (၁၆) ယောက်အထိ ရှိကြောင်း သိရပါသည်။

ထို့အပြင် စစ်ပြေးဒုက္ခသည် ၁၃၀၀ ခန့်လည်း Danai (တနိုင်း)၊ Shahtu Zup (ရှထိုးဇွပ်)၊ Awng Ra (အောင်ရာ) နှင့် အခြားကျေးရွာများတွင် ခိုလှုံလျှက်ရှိနေကြကြောင်း သိရသည်။

လီဒိုလမ်း တပ်မတော်စစ်ခန်းများက လမ်းမကြီးအတိုင်း သွားလာမှုကို စစ်ဆေး ပိတ်ပင်ခြင်းရှိသလို လမ်းမကြီး၏ ဝဲယာ ကိုက် ၅၀၀၀ အတွင်း ကိုလည်း သွားလာမှု ကန့်သတ် တားမြစ်ထား သောကြောင့် ဒေသခံများ သွားလာ လုပ်ကိုင် စားသောက်မှု ခက်ခဲ နေကြောင်း ပြောဆို ထားပါသည်။

ထို့ကြောင့် ဒေသတွင်းဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းအောင် အစိုးရမှ ဖြေရှင်းပေးရန်နှင့် ပြည်သူများကို လွတ်လပ်စွာသွားလာခွင့်၊ ဆန်၊ စက်သုံးဆီ နှင့် အခြား စားသုံးကုန်များကို သယ်ယူခွင့်ပြုရန် ဒေသခံများ တောင်းဆိုနေကြပါသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွာသားများ၏ လယ်ယာမြေများကို ယခင် စစ်အစိုးရက ယုဇနကုမ္ပဏီကို ရောင်ချထားသည့် အတွက် ဒေသခံများနှင့် ကုမ္ပဏီကြား ငြင်းခုန်မှု ပုံမှန်ရှိနေပြီး လက်ရှိ NLD အစိုးရမှလည်း ဖြေရှင်းပေးခြင်း မရှိသေးပေ။

စစ်ရေးပြင်းထန်လာပြီး ဒေသခံများ နေရပ်စွန့်ခွာသွားလျှင် ၄င်းတို့ လယ်ယာမြေကို ယုဇနကုမ္ပဏီ ထပ်မံသိမ်းယူသွားမည်ကိုလည်း စိုးရိမ်မှုရှိနေကြပါသည်။

 

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...