ရှမ်းမြောက်ပိုင်းမူစယ်တွင် တိုက်ပွဲကြောင့် ဒဏ်ရာရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား လက်ခံ ဆေးကုခြင်းမပြုရန် ကျန်းမာရေးဌာနများအား ခရိုင်မှညွှန်ကြား

ရှမ်းမြောက်ပိုင်းမူစယ်တွင် တိုက်ပွဲကြောင့် ဒဏ်ရာရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား လက်ခံ ဆေးကုခြင်းမပြုရန် ကျန်းမာရေးဌာနများအား ခရိုင်မှညွှန်ကြား
by -
ဟွမ်ဟိန်း

သောင်းကျန်းသူများအား လက်ခံဆေးကုသမှုမရှိစေရေး စာတစောင်ကို ရှမ်း(သျှမ်း)ပြည်မြောက်ပိုင်း မူစယ်ခရိုင် မူစယ်မြို့နယ်အတွင်း ကျန်းမာရေးဌာနများသို့ မြို့နယ်အုပ်ချုပ်ရေးမှူးမှ စာတစောင် ပေးပို့ကြောင်း သိရသည်။

အဆိုပါစာသည် မူစယ်မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ထံ လိပ်မူထားပြီး မြို့ဆင်ခြေဖုန်း ကျေးလက်ဒေသတချို့ထံသို့လည်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပေးပို့ကြောင်း ကျေးလက်ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခုလောလောဆယ်တော့ တော်ယွက်၊ ဖွေးဟုန်း၊ ဟိုနောင် ဒီသုံးရပ်ကွက်မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို မြို့နယ်အုပ်ချုပ်ရေးရုံးက လာတွေ့ပြီး အဲဒီစာကို ပေးတယ်။ တခြားရပ်ကွက်တွေ အုပ်စုတွေကိုမေးကြည့်တော့ တချို့ဆီကိုလည်းရောက်တယ်။ တချို့ဆီကိုလည်း မရောက်ဘူးလို့ ကြားရပါတယ်” – ဟု မူစယ်ဒေသခံ စိုင်းစိုင်း ကပြောသည်။

အချက် ၂ ချက်ပါရှိသည့် အဆိုပါစာတွင် “ခရအ (မူစယ်)၏ ၂၀၁၈ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နေ့စွဲပါ ကြေးနန်းအရ ” ဟုပါရှိပြီး “သျှမ်းပြည်မြောက်ပိုင်းအတွင်း သောင်းကျန်းသူအဖွဲ့အစည်းများနှင့် မကြာခဏ ထိတွေ့မှုများဖြစ်ပွါးလျက်ရှိရာ သောင်းကျန်းသူများ၏တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိပါက တရုတ်နိုင်ငံသို့ သွားရောက်ဆေးကုသခြင်း ဆောင်ရွက်လျက်ရှိသဖြင့် ယခုအခါသောင်းကျန်းသူအဖွဲ့အစည်းများအား လက်ခံ ဆေးကုသမှုမရှိစေရေး နိုင်ငံတော်အဆင့် မြန်မာ-တရုတ် သဘောတူဆွေနွေးပြီဖြစ်သဖြင့် ၊ မိမိကွပ်ကဲမှု အောက် ဒေသအတွင်း လက်နက်ကြီးငယ်ဒဏ်ရာများဖြင့် ဆေးရုံ ၊ဆေးခန်းသို့ လာရောက်ကုသမှုများရှိပါက သက်ဆိုင်ရာဌာနများ တပ်ရင်းတပ်ဖွဲ့များသို့ အချိန်မှီသတင်းပေးပို့ဆောင်ရွက်ရန် ” – ဟု ပါရှိပါသည်။

၄င်းနှင့်ပတ်သက်ပြီး မူစယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ဖုန်းဆက်မေးမြန်းရာ အထက်မှပေးပို့သော ရည်ညွှန်းစာကြောင့် ထိုသို့စာထုတ်ရခြင်းဖြစ်ကြောင်းသာ ဖြေကြားခဲ့သည်။

သို့သော်စာထုတ်ပြန်ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျေးလက်အုပ်ချုပ်ရေးမှူးများအား မြို့နယ်အုပ်ချုပ်ရေးရုံးသို့ အစည်းအဝေး ပြန်ခေါ်ထားကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါစာများအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဟုလည်း ပြောဆိုနေကြပါသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်မတော်၊ အစိုးရတပ်မတော် ၊ သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ အစရှိလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေပါသည်။ ထို့ကြောင့်တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွါးလျှက်ရှိပါသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...