သိန္နီ စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်

သိန္နီ စစ်ရှောင်များ အရေးပေါ် အကူအညီလိုအပ်

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် ကောင်းအိုင်ကျေးရွာသို့ စစ်ဘေးရှောင်လာသည့် ဒေသခံ ၁၆၀ ခန့်တို့ အရေးအပေါ် အကူအညီ လိုအပ်နေသည်ဟု သိန္နီဒေသခံများက ပြောသည်။

“အခုသူတို့လိုအပ်တာက သူတို့က စောင်တွေရော သိပ်မပါကြဘူး တစ်ယောက်တစ်ထည်လောက်ပဲပါတာ။ အခုက အေးနေတဲ့ အချိန်ကျတော့ အဲဒါမျိုးတွေ လိုအပ်နေတယ်လို့ တွေ့ရတယ်။ သူတို့အိပ်တာက တစ်ယောက်စောင်တစ်ထည်ပဲ၊ စောင်ပါးပါးလေးတွေနဲ့ပဲနေကြတယ်။ အခင်းတွေလည်း မပါကြဘူး။ စားဝတ်နေရေးလည်း လိုအပ်တယ်လို့ ပြောရမှာပေါ့။ ရွာကလူတွေကကျွေးနိုင်ရင်လည်း ဘယ်လောက်ကြာပဲ ကျွေးနိုင်မ လဲ။ အဲဒါတွေတော့ ရှိသေးတာပေါ့နော” ဟု သိန္နီမြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်က သိက္ခာတော်ရ ဆရာတော် ဦးခွန်ဂေါင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအယ်လ်အင်န်အေ) တို့အကြား ကွတ်ခိုင်မြို့နယ်အတွင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံများမှာ ကြောက်လန့်ကာ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟုပြောသည်။

ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များမှာ ကွတ်ခိုင်မြို့နယ် ကြိမ်မွန်းအုပ်စုအတွင်းရှိ ဒါခိုင်းကျေးရွာမှ ကချင်၊ ရှမ်းနှင့် တအာင်း (ပလောင်) တိုင်းရင်းသားများ ဖြစ်ကြသည်။

“သူတို့က တမြန်နေ့ကပေါ့ သူတို့ ရွာထဲမှာ လက်နက်ကြီးတွေကျလို့ ထွက်ပြေးတယ်လို့ ပြောတယ်။ အခု က သိန္နီမြို့နယ် ကောင်းအိုင်မှာ လူဦးရေ ၁၅၈” ဟု သိက္ခာတော်ရ ဆရာတော် ဦးခွန်ဂေါင်က ပြောသည်။

ယခုလက်ရှိအချိန်တွင် စစ်ဘေးရှောင်များကို ကောင်းအိုင်ကျေးရွာ ဘုန်ကြီးကျောင်းရှိ ဇရပ် ၃ ခုတွင် နေရာချထားပေးပြီး ၎င်းတို့၏ စားဝတ်နေရေးကို ကျေးရွာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးတို့က စီစဉ်ပေးထားသည်ဟု ဒေသခံများက ပြောသည်။

စစ်ဘေးရှောင်များအနေဖြင့် ကွတ်ခိုင်မြို့နယ်ဖက်သို့ သွားရောက်ရန် လမ်းခရီး ပိုဝေးသည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် ရှုတ်ထွေးနေသည့်အတွက် သိန္နီမြို့နယ်ဖက်သို့ လာရောက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒါခိုင်းကျေးရွာသားများ ထွက်လာစဉ်က စားနပ်ရိက္ခာအချို့ ယူဆောင်လာသော်လည်း လမ်းတွင်လက်နက်ကိုင် အဖွဲ့အစည်းများက သယ်ဆောင်ခွင့် မပြုသည့်အတွက် ထားခဲ့ရသည်ဟု သိက္ခာတော်ရ ဆရာတော် ဦးခွန်ဂေါင်က ပြောသည် ။

“ရွာသားတွေကိုကြည့်မယ်ဆိုရင်တော့ သနားတာပေါ့ သူတို့ကဘာမှလည်း မယူလာနိုင်ကြဘူးပေါ့ အဲလိုမျိုး သူတို့ ယူလာဖို့ စားဖို့သောက်ဖို့ ပါလာတာတောင်မှ လမ်းမှာက မယူသွားခိုင်းဘူး အဲလိုပြောကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် အဲလိုမျိုး တားဆီးတာကြတော့ မကောင်းဘူးလို့ မြင်တယ်။ သူတို့က လမ်းမအတိုင်း အေးအေးဆေးဆေးထွက်လာလို့ ရမယ်ဆိုရင်တော့ သူတို့ စားဝတ်နေရေးတွေကတော့ ဆန်၊ ဆီ၊ ဆား ကတော့ပါကြတာပေါ့။ အားလုံးကပါကြတယ် အဲဒါနဲ့ သူတို့ရဲ့ ကားတွေ အကုန်လုံးချုံထဲမှာ ထိုးပြီးမှ အဲထော်လာဂျီတွေ ချုံမှာထိုးပြီးမှ ထွက်လာကြတယ်လို့ပြောတယ်။”

ဖေဖော်ဝါရီလ ၅ ရက်နေ့က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့အကြား ကွတ်ခိုင်မြို့နယ်ရှိ ဖာဖိုင်ကျေးရွာနှင့် ငေါ့ငါးကျေးရွာ အကြားတွင် နံနက် ရး၁၅ မှ ၁ဝး၃၀ တိုက်ပွဲဖြစ်ပွားပြီး တိုက်ပွဲအတွင်း အစိုးရတပ်မတော်က ရဟတ်ယာဉ် ၂ စီးဖြင့် မိနစ် ၃၀ နီးပါးခန့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်း တိုက်ပွဲမှာ ရပ်တန့်သွားခြင်းမရှိပဲ ကောင်းအိုင်ကျေးရွာသို့ ရောက်ရှိစေဉ်ပင် ကျေးရွာအတွင်းကနေ လက်နက်ကြီးသံများကို ကြားနေရသည်ဟု စစ်ဘေးရှောင်များကို သွားရောက်ကြည့်ရှု့သည့်သူများက ပြောသည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...