ဘုရားသုံးဆူနယ်စပ် တရားဝင်ဂိတ်ဖွင့်လှစ်နိုင်ရေး ကြိုးစားမည်ဟုဆို

ဘုရားသုံးဆူနယ်စပ် တရားဝင်ဂိတ်ဖွင့်လှစ်နိုင်ရေး ကြိုးစားမည်ဟုဆို
 မွန်နှင့် ထိုင်းကုန်သည်တို့ ဆွေးနွေးပွဲ(photo: MNA)
မွန်နှင့် ထိုင်းကုန်သည်တို့ ဆွေးနွေးပွဲ(photo: MNA)

မြန်မာနိုင်ငံအစိုးရမှ ၁၀ နှစ်ကျော် ပိတ်ထားသည့် ဘုရားသုံးဆူနယ်စပ်ဂိတ်အား တရားဝင်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အစိုးရထံတိုက်တွန်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ နိုင်ဝင်းထိန်က ထိုင်းလုပ်ငန်းရှင်များနှင့် ယမန်နေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့) တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

နိုင်ဝင်းထိန်က “ဘုရားသုံးဆူနဲ့ ကန်ချနပူရီဘက်အခြမ်း ပြီးတော့ ကျနော်တို့ မွန်ပြည်နယ်နဲ့ တရားဝင်ဂိတ်ဖွင့်လှစ်နိုင်ရေးကို အားလုံးအကြံပြုထားသလို ကျနော်တို့ ကုန်သည်အသင်းကစိတ်ဝင်စားတယ်၊ ဒေသခံတွေလည်း စိတ်ဝင်စားကြတယ်၊ ဒါကို သက်ဆိုင်ရာအစိုးရအဆင့်ဆင့်ကို ကျနော်တို့ဖိဖိစီးစီးလုပ်ပြီး တိုက်တွန်းသွားမယ်” ဟု ဆိုသည်။

အဖွဲ့ဝင် ၂၈ ဦးပါ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီ၊ ရတ်ချ်ပူရီ၊ စူဖန်ပူရီ၊ နခွန်ပထုံ ၄ ခရိုင်မှ ထိုင်းကုန်သည်စက်မှုလုပ်ငန်းရှင်အသင်းတို့ ဒေသတွင်းခရီးသွားလာမှုမြှင့်တင်ရေး၊ လျှပ်စစ်ကဏ္ဍ၊ ရာဘာကုန်ချောစက်ရုံ၊ သစ်သီးဝလံနှင့် စိုက်ပျိုးရေးကဏ္ဍများကို ဘုရားသုံးဆူရွာ(ထိုင်းဧရိယာ) အနီးရှိ BSN Factory Outlet အဆောက်အဦး၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံကန်ချနပူရီသို့ နှစ်ဖက်နိုင်ငံသားများ ၁၄ ရက်ခန့် အပြန်အလှန်သွားလာလည်ပတ်ခွင့် ရရှိလိုကြောင်း၊ ယင်းသို့သွားလာနိုင်ရေးအတွက် ထိုင်းအစိုးရဘက်က အဆင်သင့်ဖြစ်နေကြောင်း၊ မြန်မာဘက်မှခွင့်ပြုချက်သာ လိုအပ်နေကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ထိုင်းစီီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့ရာတွင် ဘုရားသုံးဆူဒေသ၌ ထိုင်းမြန်မာနှစ်နိုင်ငံနယ်နိမိတ် တိကျစွာသတ်မှတ်နိုင်ခြင်း မရှိသေးသဖြင့် လောလောဆယ် နယ်ခြားဂိတ်ဖွင့်လှစ်ရန် မဖြစ်နိုင်သေးကြောင်း၊ နယ်နိမိတ်သတ်မှတ်နိုင်ရန် နှစ်နိုင်ငံအစိုးရတို့ ကြိုးစားလျက်ရှိကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ဘုရားသုံးဆူမြို့၌ ကျင်းပသည့်လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။   

“နောက်ဆိုရင် ဆက်သွယ်ရေးလမ်းကြောင်းကောင်းလာရင် ပိုပြီးတော့ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာတဲ့အခါ ဂိတ်တံခါးလည်း ဖွင့်လှစ်နိုင်တဲ့အချိန်ကျရင် ဒီနေရာ(ဘုရားသုံးဆူ) ဟာ တိုးတက်လာဖို့ ရှိတယ်၊ စီးပွားရေးလမ်းကြောင်းလည်း မကြာခင် ပွင့်လာတော့မယ်၊ ကျမတို့ပြည်နယ်သာမဟုတ်ဘူး၊ တခါတည်း မွန်ပြည်နယ်တစ်ခုလုံးကို ဝင်ထွက်သွားလာနိုင်မယ်” ဟု ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

ဘုရားသုံးဆူမြို့သည် ကရင်ပြည်နယ်အတွင်းတည်ရှိနေပြီး မိုင် ၆၀ ကျော်ခန့်ဝေးကွာသည့် မွန်ပြည်နယ် သံဖြူဇရပ်မြို့သို့ မော်တော်ကားဖြင့် ၃ နာရီအချိန်သာ ကြာမြင့်ကြောင်း သိရသည်။

ဒေသတွင်းစီးပွားရေးဖြစ်ထွန်းရန်အတွက် နိုင်ငံနယ်နိမိတ်မြေသတ်မှတ်ရေးနှင့် စီးပွားရေးတို့ကို ရောထွေးမထားသင့်ကြောင်း ဘုရားသုံးဆူမြို့မိမြို့ဖတစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်း ဒေါက်တာဗညားအောင်မိုးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“အငြင်းပွားစရာဖြစ်နေရတာက တစ်မိုင်လောက်အရှည်ပဲရှိပါတယ်၊ ဒီနေရာကို နယ်နိမိတ်တိုင်းတာပြီးမှ မျှမျှတတဖြစ်မှ နယ်ခြားမျဉ်းကြောင်းအသေအချာသတ်မှတ်ပြီးတော့မှ ဂိတ်ဖွင့်နိုင်မယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး၊ နှစ်နိုင်ငံသဘောတူဖို့ကလည်း လွယ်လွယ်နဲ့ မဖြစ်နိုင်သေးဘူး၊ ဒါကြောင့် အငြင်းပွားစရာမဖြစ်တဲ့နေရာတွေမှာ နယ်ခြားဂိတ်အသစ် နေရာရှာပြီးသွားဖွင့်သင့်တယ်၊ လောလောဆယ် ဒီအငြင်းပွားနေတဲ့ဒီနေရာကို ဒီအတိုင်းပဲ ထားပစ်ခဲ့ဦး” ဟု ဆိုသည်။

မြို့၏ တောင်ဘက်(သို့မဟုတ်) မြောက်ဘက်ခြမ်းရှိ ထိုင်းနယ်စပ်နှင်ထိစပ်နေသည့်နေရာများတွင် နယ်ခြားဂိတ်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသင့်ကြောင်း သူကဆက်ပြောသည်။

ဘုရားသုံးဆူဒေသရှိ ယခင်မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်ကို ၁၉၈၉ ခုနှစ်တွင် တပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဘုရားသုံးဆူမြို့အဖြစ်တည်ထောင်ကာ ထိုင်းမြန်မာနယ်ခြားဂိတ်ကို ၁၉၉၃ ခုနှစ်တွင် တရားဝင်စတင်ဖွင့်လှစ်ခဲ့သော်လည်း နယ်နိမိတ်အငြင်းပွားမှုကြောင့် ၂၀၀၇ ခုနှစ်တွင် မြန်မာဘက်မှ တဖက်သတ်ပိတ်ခဲ့သည်ဟု သိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...