အမျိုးသမီးနှင့် ကလေးများ ပြန်ခွင့်ရသော်လည်း အရပ်သား ၃၀၀၀ ကျော် ပိတ်မိနေစဲ

အမျိုးသမီးနှင့် ကလေးများ ပြန်ခွင့်ရသော်လည်း အရပ်သား ၃၀၀၀ ကျော် ပိတ်မိနေစဲ

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည့် ကချင်ပြည်နယ်၊ တနိုင်းဒေသရှိ ပယင်းမှော်နှင့် ရွှေမှော်များ၌ လုပ်ကိုင်နေသူနှင့် ဒေသခံ အချို့ ပြန်လာခွင့်ရပြီ ဖြစ်သော်လည်း ထပ်မံ၍ ဒေသခံများနှင့် မှော်လုပ်သား သုံးထောင်ကျော် တိုက်ပွဲများအကြား ပိတ်မိနေစဲ ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ပိတ်မိတဲ့နေရာ ကနေတော့ ညနေ ၃ နာရီ လောက်ကနေ သူတို့ စီစစ်ပြီးမှလွှတ်တာ လောလောဆယ် အခြေအနေကတော့ ယောကျာ်းလေးတွေက ကျန်နေပြီးတော့ ကလေးနဲ့ အမျိုးသမီးတွေ ထွက်လာကြတယ်။ နောက်ပိုင်းက ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး” ဟု တနိုင်းဒေသခံ ဦးနော်တောင်က ပြောသည်။

တိုက်ပွဲများအကြား ပိတ်မိနေသည့် သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များ စုစုပေါင်း (၈၀၀) ခန့်အနက် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် စက်လှေ (၇)စင်းဖြင့် လူဦးရေ ၁၀၀ ခန့် ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။

၎င်းတို့ကို အစိုးရ တပ်မတော် ရှေ့တန်းစစ်ကြောင်းက ပြန်လာရန် လမ်းဖွင့်ပေးခဲ့သော်လည်း ထမ်မံ၍ လူဦးရေ သုံးထောင်ကျော်ခန့် ကျန်ရှိ နေဆဲဖြစ်ကြောင်း ဒေသခံများက ဆိုပါသည်။

၎င်းကျန်ရှိ နေသူများအား တနိုင်း အခြေစိုက် ဒေသဆိုင်ရာ ကွပ်ကဲရေး စစ်ဌာနချုပ် (တနိုင်း ဒကစ) က သွားရောက် ခေါ်ယူ ပေးရန် စီစဉ် နေသည်ဟု တာဝန်ရှိသူများက ဆိုကြောင်း တနိုင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဘရန်ရှောင်က  ဆိုပါသည်။

“ဒကစက စီစဉ် နေကြတယ်၊ ကျနော်တို့ သွားကြိုပေးမယ် ပြောတော့ ကြိုစရာမလိုဘူး။ သူတို့သွားကြို ပေးမယ်တဲ့ စက်လှေ ၅ စီးနဲ့ ကြိုပေးမယ်။ အဲဒီချောင်းကနေကားနဲ့ ပြန်ကြိုပေးမယ်။ တပ်ကတာဝန်ယူပေးမယ်ပေါ့နော။ ချောင်းထဲက ထွက်လာတာနဲ့ သူတို့ကို မေးစရာမြန်းစရာ မေးမြန်းပြီးမှ ရပ်နီးရပ်ဝေး အဲလိုမျိုး ပြန်ပို့ ပေးမယ်”ဟု စစ်ဘေးရှောင်စခန်း တာဝန်ခံဦးဘရန်ရှောင်က ပြောသည်။

ထိုမတိုင်ခင်၌ ပိတ်မိနေကြသည့် ဒေသခံများနှင့် မှော်လုပ်သားများအား ဒေသတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများ သွားရောက်ခေါ်ထုတ်ရန် စီစဉ်ခဲ့ကြ သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် အစိုးရ တပ်မတော်ထံမှ ခွင့်ပြုချက်မရခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် ပြန်လာခွင့် ရသူများမှာလည်း တနိုင်းမြို့ပေါ်သို့ ရောက်မလာကြသေးပဲ မိသားစုများနှင့် တကွဲတပြား ဖြစ်နေ ကြရပြီး တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွား နေသည့်အတွက် ပိတ်မိနေသူများအတွက် စိုးရိမ်နေရဆဲဖြစ်ကြောင်း ဦးဘရန်ရှောင်က ဆက်လက် ပြောကြားသည်။

“ကျနော်တို့က မိုင် ၂၀ လောက် ဝေးတယ်ဆိုတော့ အသံတွေပဲ ကြားရတယ်။ အသံတွေက ရပ်လိုက်၊ ကြားလိုက်ပဲ။ တိုက်ပွဲက နေ့ရော ညရောဖြစ်နေတာ။ မနေ့ ညကလည်း ညပိုင်း လူတိတ်တဲ့ အခါကျတော့ လက်နက်ကြီး ထိုးတဲ့ အသံတွေ အဲလိုမျိုးတွေ ကြားရတယ်” ဦးဘရန်ရှောင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့ တနိုင်းဒေသရှိ ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ) တပ်မဟာ ၂ တပ်ရင်း ၁၄ ရှိရာ ဒေသများနှင့် ပယင်းမှော်များအတွင်းသို့ အစိုးရတပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် မှော်လုပ်သား အချို့ သေဆုံးခဲ့ရပြီး အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

ယခု ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာအာဏာပိုင်များထံမှ တုန့်ပြန်မှု ရရှိနိုင်ရန်အတွက် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်၍ မရခဲ့ပေ။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...