ရွာသားသတ်သည့် စစ်သားများအား စစ်ခုံရုံးမှ အပြစ်ပေး

ရွာသားသတ်သည့် စစ်သားများအား စစ်ခုံရုံးမှ အပြစ်ပေး

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ဒုက္ခသည် စခန်းက ရွာသား(၃)ဦးအား သတ်ဖြတ်ခဲ့သည့် တပ်မတော်သား ၆ ဦးကို ဇန်နဝါရီလ ၁၉ ရက်က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်ဟု မိုင်းခေါင်ဒေသခံများကပြောသည်။

မန်စီမြို့၊ ခမရ ၃၁၉ တပ်စခန်းရှိ တပ်မတော် စစ်ခုံရုံးက ယခုကဲ့သို့ စီရင်ချက် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မိုင်းခေါင်ဒေသခံတစ်ဦးကပြောသည်။

“မနေ့က စီရင်ချက်ချလိုက်တယ်။ ၃၁၉ တပ်စခန်းမှာပဲ။ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်။ ၁၀ နှစ်စီ။ ဟုတ်တယ်”

ပြစ်ဒဏ်စီရင် ချက်ချမှတ်ခံရသူများမှာ တပ်မတော်မှ အရာရှိ ၄ ယောက်နှင့် အကြပ်တပ်သား ၂ ယောက် တို့ဖြစ်သည်။ ၎င်းတို့အား ထောင်ဒဏ်ချမှတ်သည့်အပြင် တပ်မတော်မှ ရာသက်ပန် ထုတ်ပယ်လိုက်သည်။

မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော် က “မနေ့ ညနေပိုင်း ၄ နာရီခွဲ ၅ နာရီလောက်က စီရင်ချက်ချတာပေါ့။ တစ်ယောက်ချင်းစီခေါ်ပြီးမှာ ဘယ်သူမှားတယ်မမှားဘူး မေးမြန်းစစ်ဆေးပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီပေါ့။ တပ်ကလည်း ထုတ်တယ်ပေါ့။ လူသတ်မှုပုံစံမျိုးနဲ့ ချလိုက်တယ်ပဲ ပြောရမယ်။ ချတာကတော့ စစ်တပ်ထဲမှာပဲလေ စစ်ဆေးပြီးတော့ချလိုက်တာ” ဟု ပြောသည်။

မန်စီမြို့ အခြေစုုိက် ခမရ ၃၁၉ စခန်းမှ တပ်ရင်းမှူး ဇေယျာဦး၊ စစ်ကြောင်းမှူး ဗုုိလ်ကြီးလွမ်းမုုိးအောင်၊ ဗုုိလ်ကြီး ကျော်ဇင်မြင့်၊ ဗိုုလ်ကြီး မျိုးသူဇော်၊ ဒုု-တပ်ကြပ် ရှိုင်းထက်အောင်နှင့် တပ်သားဖြိုးကုုိတုုိ့ ၆ ဦးတုုိ့ကုုိ အလုုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လုုိက်ခြင်း ဖြစ်သည်။

“အကုန်လုံးကို ပြစ်မှုတွေရှိတဲ့အတိုင်းပဲ စီရင်ချက်ချတာပါခင်ဗျ။ ကျနော်တို့ စစ်သားတွေက အရပ်ဘက်နယ်ဘက်ဥပဒေရော၊ စစ်ဥပဒေရော နာခံရပါတယ်ခင်ဗျ။ အမှုကိုသူတို့ရဲ့ ပြစ်မှုပေမူတည်ပြီး ချပေးတာပါ။ ကျနော်တို့ စစ်သားတွေကလေ အရပ်ဘက်ဥပဒေရော စစ်ဘက် ဥပဒေရော နာခံရတယ်ဗျ။ အဲ့ဒီအနေအထားကနေပြီး အပြစ်ရှိတဲ့အတွက်ချတာပါခင်ဗျ” ဟု အဆိုပါ အမှုနှင့် ပတ်သက်၍ မန်စီမြို့ အခြေစုုိက် ခမရ ၃၁၉ မှ တပ်မတော်အရာရှိတစ်ဦးကပြောသည်။

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သည့် မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်၊ လဗျနော်ခွန်း ၃ ဦအား ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့ ညနေပိုင်းက နေ့စားလုပ်ကိုင်ပြီး အပြန်တွင် ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာ မေလ ၂၈ ရက်နေ့တွင် မိုင်းခေါင်ရွာအရှေ့ဘက် လေးမိုင်လောက်ဝေးသည့်နေရာမှာ အလောင်းများကို တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သည့် တပ်မတော်သားများကို ယခုကဲ့သို့ ပြစ်ဒဏ်ချ လိုက်သည့်အပေါ် မိသားစုဝင်များအနေဖြင့် ကျေနပ်မှု တစ်စုံတစ်ရာအထိ ရရှိခဲ့သည်ဟု မိုင်းခေါင်ဒေသခံက ဆက်ပြောသည်။

ပြစ်ဒဏ်စီရင်ချက်ချသည့်နေရာသို့ သေဆုံးသူများ၏ မိသားစုဝင်များ၊ မိုင်းခေါင်ကျေးရွာရှိ ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ ဒုက္ခသည်စခန်းတာဝန်ခံများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်နားထောင်ခဲ့ကြသည်။

“သူတို့လုပ်တဲ့ ပုံကိုကြည့်ရင်တော့ ပွင့်လင်းမြင်သာမှုတော့ရှိပါတယ်။ ကျနော်တို့မြင်တာကတော့ ကျနော်တစ် ယောက်အနေနဲ့ပေါ့။ တရားဥပဒေစိုးမိုးမှု ရှိလာတယ်လို့ပဲ ပြောရမှာပေါ့နော။ ပြည်သူတွေကို ဒီလိုလုပ်တဲ့ အပေါ်မှာ တပ်မတော်သားတွေလည်း အရေးယူပေးတယ်ဆိုတော့ ဥပဒေစိုးမိုးမှု ရှိလာတယ်လို့ပဲ ကျနော် မြင်ပါတယ်” ဟု မိုင်းခေါင်ဒေသခံကပြောသည်။

သို့သော် ပြစ်ဒဏ် စီရင်ခံရသည့် တပ်မတော်သားများကို မည်သည့်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည်ကို ၎င်းတို့ အနေဖြင့် မသိရသေးကြောင်း မိုင်းခေါင်ဒေသခံများက ပြောသည်။

မိုင်းခေါင်ဒုက္ခသည် စခန်းမှ ရွာသား(၃)ဦးအသတ်ခံရမှုနှင့် ပက်သက်၍ တပ်မတော်သားများအားလုံး ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံပြီး လေးလအကြာတွင် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။

February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...