တိုင်းရင်းသားအားလုံးလက်ခံနိုင်သည့် အခြေခံမူများဦးစွာဆွေးနွေးဖိုလိုဟု KNU ဥက္ကဌ ပြော

တိုင်းရင်းသားအားလုံးလက်ခံနိုင်သည့် အခြေခံမူများဦးစွာဆွေးနွေးဖိုလိုဟု KNU ဥက္ကဌ ပြော

တိုင်းရင်းသားအားလုံးလက်ခံနိုင်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေကို ဦးစွာဆွေးနွေးရန်လိုအပ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၄) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည့် NCA အပစ်ရပ် ၈ ဖွဲ့၏ နိုင်ငံရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နှင့် လုပ်ငန်းကော်မတီများအကြား ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးမှာ KNU ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က ပြောဆိုလိုက်သည်။

"EAOs တွေအကြား လက်ရှိ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအပေါ် ရှုမြင်သုံးသပ်မှုမတူညီတဲ့ အခြေခံ ကနေ NCA လက်မှတ်ထိုးသူ၊ မထိုးသူတွေရယ်လို့ ဖြစ်နေတဲ့ အခုလို အနေအထားမှာ အားလုံး လက်ခံနိုင်တဲ့ လက်ခံပြီးဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် ပြည်ထောင်စုဆိုင်ရာ အခြေခံ မူတွေကို ဦးစွာဆွေးနွေးရဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။မှန်ကန်ပြီး တရားမျှတတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အခင်းအကျင်းတွေနဲ့ အောင်မြင်တဲ့ ဆွေးနွေးမှု ရလဒ်တွေဟာ နောက်ထပ် NCA လက်မှတ်ရေး ထိုးမယ့် အဖွဲ့အစည်းတွေထပ်မံ ပေါ်ပေါက်လာရေးကို အားပေးမှာ ဖြစ်ပါတယ်။ "- ဟု အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး ပြောဆိုသည်။

ဗိုလ်ချူပ်ကြီး မူတူးစေးဖိုးက " နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဦးတည်တဲ့ နိုင်ငံရေးဆွေး နွေးပွဲတွေ ဖြစ်ပေါ်လာဖို့ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီး ပေးအပ်မှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှု၊ ခေါင်းဆောင်တွေနဲ့ ကြိုးစားခဲ့ကြတာကို ပြောလိုပါတယ်။ ဒီလိုရရှိလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အခွင့်အ ရေးကို ပြီးစလွယ် သဘောမထားကြဘဲ၊ သေချာပြီး ခိုင်မာတဲ့ ဆွေးနွေးချက်တွေနဲ့ အားကောင်းတဲ့ ပြင်ဆင်မှုတွေကို အခြေခံပြီး ငြိမ်းချမ်းတဲ့ အနာဂါတ်ကို ရရှိရေး ဆွေးနွေးကြဖို့ တာဝန်ရှိကြောင်း "ဟု ထည့်သွင်းပြောကြားခဲ့သည်။

"ပထမဆုံး ကျနော်တို့ နိုင်ငံဟာ အမျိုးသားပြန်လည် သင့်မြတ်ရေး လိုအပ်ပါတယ်။ ဒါကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ နိုင်ငံရေးဆွေးနွေးပွဲ တွေကတဆင့် ဖန်တီး တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။" ဟု KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး က ဆက်ပြောသည်။

အစည်းအဝေးကို ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ကဏ္ဍအလိုက် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါ၀င်ကြသည့် လုပ်ငန်းကော်မတီဝင်များမှ အကောင်အထည်ဖော်မှုများ တင်ပြပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးအတွက် ပြင်ဆင်သွားကြမည် ဖြစ်သည်ဟု သိရသည်။

Most read this week

December 17, 2025
လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ...
December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...