ကချင်ပြည်နယ်နေ့ တရားဝင်ရုံးပိတ်ရေး အဆို NLD ကန့်ကွက်မဲ ပေး

ကချင်ပြည်နယ်နေ့ တရားဝင်ရုံးပိတ်ရေး အဆို NLD ကန့်ကွက်မဲ ပေး

နှစ်စဉ် ဇန်နဝါရီ ၁၀ ရက် ကချင်ပြည်နယ်နေ့တွင် တရားဝင်ရုံးပိတ်ရက် သတ်မှတ်ရေး အဆိုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြည်နယ်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲ အများစုဖြင့် အဆို ရှုံးနိမ့်ခဲ့ပါသည်။

အင်ဂျန်းယန် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော် က ၄င်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ က ထောက်ခံ ပြောဆိုခဲ့သည်။

သို့သော်လည်း လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ပြည်ထောင်စုမြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ရုံးပိတ်ရက်မှာ ၃ လခန့်ထိ များပြားနေပြီး၊ ရုံးပိတ်ရက်သတ်မှတ်ရန်အခွင့်လည်း ပြည်ထောင်စုအစိုးရသာ ပြုလုပ်နိုင်သောကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရန် ပြန်လည် ပြောဆိုခဲ့သည်။

ပြည်သူများ၏ လိုလားချက်အရ တင်ပြလာသော ဦးဇော်မိုးနော်၏ အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ တက်ရောက်သူ ၄၆ ဦးအနက် ထောက်ခံသူ ၁၇ မဲ၊ ကန့်ကွက် ၂၇ မဲ၊ ကြားနေ ၁ မဲ နှင့် ပယ်မဲ ၁ မဲတို့ ဖြင့် အဆို ရှုံးနိမ့်ခဲ့သည်။

ကချင်ပြည်နယ်လွှတ်တော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် နှင့် တပ်မတော်ကိုယ်စားလှယ်အများစု နေရာယူထားသည်။

အဆိုရှုံးနိမ့်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး အဆိုရှင် အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်ကိုယ်စားလှယ် ဦးဇော်မိုးနော်က ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“လွန်ခဲ့တဲ့လွှတ်တော်အုပ်ချုပ်ချိန် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရုံးပိတ်၊ ကျောင်းပိတ်၊ မနောပွဲ မကရင်တောင် တခြား ပျော်ပွဲရွင်ပွဲတွေနဲ့ ပြည်နယ်နေ့မှာ ပျော်ခဲ့ရပါတယ်။ ဒါကို ၁၉၆၂ ဦးနေဝင်းအစိုးရက အကုန်ဖျက်လိုက်တယ်။ အခုတော့ ပြည်သူလုထု တင်မြောက်တဲ့ NLD အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးလည်း လူထုတင်မြောက်တာဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း အရင်ကရခဲ့တဲ့ အခွင့်အရေးအတွက် ပြန်လည်တင်ပြခြင်း ဖြစ်တယ်”

ကချင်ပြည်နယ်နေ့ တရားဝင် ရုံးပိတ်ရက် သတ်မှတ်ရေး အဆိုကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗန်းမော်ကိုယ်စားလှယ် ဦးဆွတ်နောင်လည်း တင်သွင်းခဲ့ဖူးသော်လည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယခုအဆိုကို ၂၀၁၆ ခုနှစ်က တင်သွင်းရန်တစ်ခါ ကြိုးစားခဲ့သော်လည်း လွှတ်တော်က ခွင့်မပြုသဖြင့် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ကြောင်း ဦးဇော်မိုးနော်က ဆိုသည်။

ကချင်ပြည်နယ်နေ့ တရားဝင်ရုံးပိတ်ရေးအဆို ပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်ခဲ့ရခြင်းအတွက် စိတ်မကောင်းရပါကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ကလည်း ဒီဇင်ဘာ ၅ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...