ကချင်ပြည်နယ်နေ့ တရားဝင်ရုံးပိတ်ရေး အဆို NLD ကန့်ကွက်မဲ ပေး

ကချင်ပြည်နယ်နေ့ တရားဝင်ရုံးပိတ်ရေး အဆို NLD ကန့်ကွက်မဲ ပေး

နှစ်စဉ် ဇန်နဝါရီ ၁၀ ရက် ကချင်ပြည်နယ်နေ့တွင် တရားဝင်ရုံးပိတ်ရက် သတ်မှတ်ရေး အဆိုကို ဒီဇင်ဘာ ၁ ရက်နေ့ ပြည်နယ်လွှတ်တော်မှာ မဲပေးဆုံးဖြတ်ခဲ့ရာ ကန့်ကွက်မဲ အများစုဖြင့် အဆို ရှုံးနိမ့်ခဲ့ပါသည်။

အင်ဂျန်းယန် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော် က ၄င်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနော်လီ က ထောက်ခံ ပြောဆိုခဲ့သည်။

သို့သော်လည်း လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ပြည်ထောင်စုမြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ရုံးပိတ်ရက်မှာ ၃ လခန့်ထိ များပြားနေပြီး၊ ရုံးပိတ်ရက်သတ်မှတ်ရန်အခွင့်လည်း ပြည်ထောင်စုအစိုးရသာ ပြုလုပ်နိုင်သောကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရန် ပြန်လည် ပြောဆိုခဲ့သည်။

ပြည်သူများ၏ လိုလားချက်အရ တင်ပြလာသော ဦးဇော်မိုးနော်၏ အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ တက်ရောက်သူ ၄၆ ဦးအနက် ထောက်ခံသူ ၁၇ မဲ၊ ကန့်ကွက် ၂၇ မဲ၊ ကြားနေ ၁ မဲ နှင့် ပယ်မဲ ၁ မဲတို့ ဖြင့် အဆို ရှုံးနိမ့်ခဲ့သည်။

ကချင်ပြည်နယ်လွှတ်တော်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် နှင့် တပ်မတော်ကိုယ်စားလှယ်အများစု နေရာယူထားသည်။

အဆိုရှုံးနိမ့်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး အဆိုရှင် အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်ကိုယ်စားလှယ် ဦးဇော်မိုးနော်က ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“လွန်ခဲ့တဲ့လွှတ်တော်အုပ်ချုပ်ချိန် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရုံးပိတ်၊ ကျောင်းပိတ်၊ မနောပွဲ မကရင်တောင် တခြား ပျော်ပွဲရွင်ပွဲတွေနဲ့ ပြည်နယ်နေ့မှာ ပျော်ခဲ့ရပါတယ်။ ဒါကို ၁၉၆၂ ဦးနေဝင်းအစိုးရက အကုန်ဖျက်လိုက်တယ်။ အခုတော့ ပြည်သူလုထု တင်မြောက်တဲ့ NLD အစိုးရလက်ထက်မှာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးလည်း လူထုတင်မြောက်တာဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့လည်း အရင်ကရခဲ့တဲ့ အခွင့်အရေးအတွက် ပြန်လည်တင်ပြခြင်း ဖြစ်တယ်”

ကချင်ပြည်နယ်နေ့ တရားဝင် ရုံးပိတ်ရက် သတ်မှတ်ရေး အဆိုကို ယခင်ဦးသိန်းစိန်အစိုးရလက်ထက်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗန်းမော်ကိုယ်စားလှယ် ဦးဆွတ်နောင်လည်း တင်သွင်းခဲ့ဖူးသော်လည်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ယခုအဆိုကို ၂၀၁၆ ခုနှစ်က တင်သွင်းရန်တစ်ခါ ကြိုးစားခဲ့သော်လည်း လွှတ်တော်က ခွင့်မပြုသဖြင့် ဆွေးနွေးနိုင်ခြင်း မရှိခဲ့ကြောင်း ဦးဇော်မိုးနော်က ဆိုသည်။

ကချင်ပြည်နယ်နေ့ တရားဝင်ရုံးပိတ်ရေးအဆို ပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်ခဲ့ရခြင်းအတွက် စိတ်မကောင်းရပါကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP ကလည်း ဒီဇင်ဘာ ၅ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...