မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ
မွန်ကျောင်းဆရာများ ညီလာခံ(MNA)
မွန်ကျောင်းဆရာများ ညီလာခံ(MNA)

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ညီစားမွန်ပညာရေးစခန်း၌ စတင်ကျင်းပခဲ့ကြောင်း တွေ့ရှိရသည်။

ဆရာ/ဆရာမတို့၏ စွမ်းရည်မြှင့်တင်နိုင်ရန်၊ သင်ကြားရေးနည်းစနစ်အမြင်သစ်များ ရရှိရန်နှင့် အနာဂတ်မွန်ပညာရေး ရေရှည်ရပ်တည်နိုင်ရန် ရည်ရွယ်၍ မွန်အမျိုးသားပညာရေးကျောင်း ဆရာများ ညီလာခံကို ၂ ရက်တာ ကျင်းပမည် ဖြစ်သည်။

မွန်အမျိုးသားပညာရေးဌာန တာဝန်ခံ မိစားတာက “ ဆရာ ဆရာမတွေနဲ့ ပတ်သက်တဲ့ စွမ်းရည်မြှင့်တင်ခြင်းခေါင်းစဉ်တွေကို လာရောက်ဟောပြောဆွေးနွေးပေးဖို့  ပညာရှင်တွေကိုလည်း ဖိတ်ခေါ်ထားတယ်၊ ဒါကြောင့် ကျမတို့ ဆရာ ဆရာမတွေ တတ်နိုင် လုပ်နိုင်သမျှ ဆွေးနွေးသွားမှာဖြစ်ပြီး ဗဟုသုတတွေလည်း အများကြီးရမယ်လို့ မျှော်လင့်ပါသည်” ဟု ပြောသည်။

ထို့အပြင် မွန်အမျိုးသားပညာရေး၏ လက်ရှိကြုံတွေ့နေသည့် စိန်ခေါ်မှုများနှင့် လစာထောက်ပံ့ရေး ကိစ္စရပ်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပညာရေးလှုပ်ရှားဆောင်ရွက်နေသည့် သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ၊ မွန်အမျိုးသားပညာရေးကော်မတီဝင်များ၊ ဆရာ၊ ဆရာမများနှင့် အထူးဖိတ်ကြား ထားသည့် ပညာရှင်များနှင့် ဧည့်သည်တော်များ ကိုယ်စားလှယ်စုစုပေါင်း (၃၀၀) ခန့် တက်ရောက်လျက်ရှိကြောင်း တွေ့ရသည်။

“မွန်အမျိုးသားပညာရေးကျောင်းမှာက အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်၊ ဒီဟာနှင့်ပတ်သက်ပြီး ရှေ့လာမည့်အနာဂတ်မှာ ရေရှည်သွားလို့ရမဲ့လုပ်ငန်းစဉ်းတွေ ဘယ်လိုစဉ်းစားထားရမလဲ၊ ဘယ်လိုပုံစံသွားမလဲဆိုတဲ့ဟာကို ဒီဆွေးနွေးပွဲကနေတဆင့် အများအကြီးအထောက်အကူ ဖြစ်လိမ့်မယ်လို့ မြင်တယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် မွန်အမျိုးသားကျောင်းပညာရေး တက်ကြွလှုပ်ရှားသူ အရှင်ဥက္ကံသ (ခ) ဦးဇင်းဇော်လတ်က မိန့်သည်။

မွန်ပြည်သစ်ပါတီ ဦးဆောင်၍ ၁၉၇၂ ခုနှစ်တွင် အစိုးရလက်လှမ်းမမီသည့် နယ်မြေများအတွင်း မွန်အမျိုးသားပညာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားပညာရေးကော်မတီ MNEC ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးကျောင်း ၁၃၂ ကျောင်းနှင့် အစိုးရနှင့်တွဲဖက်သင်ကြားကျောင်း ၉၅ ကျောင်းရှိပြီး ဆရာ/ဆရာမများ ၈၀၀ ဦးကျော် ခန့်အပ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

၁၉၉၅ ခုနှစ်မှစတင်၍ မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ အပစ်ရပ်စဲရေးသဘောတူညီခဲ့ပြီးနောက် မွန်အမျိုးသားပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူတို့သည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ရရှိခဲ့ပြီး လက်ရှိအချိန်ထိ ကျောင်းသားဦးရေ ၄၀၀ ကျော် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ဖြစ်သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...