ဒုတိယ ပင်လုံ တတိယ အစည်းအဝေးကို ဖေဖော်ဝါရီတွင် ကျင်းပရန် အဆိုပြုမည်။

ဒုတိယ ပင်လုံ တတိယ အစည်းအဝေးကို ဖေဖော်ဝါရီတွင် ကျင်းပရန် အဆိုပြုမည်။

တတိယအကြိမ် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံအစည်းအဝေးကို လာမည့်နှစ် ဖေဖော်ဝါရီတွင် ကျင်းပရန် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့ က အစိုးရအားအဆိုပြုသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

“အမျိုးသားအဆင့် နိုင်ငံရေး မဆွေးနွေးသေးတဲ့ ဒေသတွေလည်း ရှိသေးတယ်။ ပြီးတော့ ဘက်ပေါင်းစုံကနေ ပြီးတော့ အဖြေရလာဒ် ကောင်းကောင်းထွက်ဖို့အတွက်ဆိုရင် ပြင်ဆင်မှုတွေ အများကြီးလုပ်ဖို့ လိုပါတယ်။” ဟု ချင်းအမျိုးသားတပ်ဦး ဒု-ဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၁၆ ကြိမ် မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ကျနော်တို့ အဆိုပြုမှာကတော့ ၂၀၁၈  ဖေဖော်ဝါရီလ လောက်မှာ ကျင်းပရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်လို့ ကျနော်တို့ အဆိုပြုသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကလည်း ကျနော်တို့ အစိုးရနဲ့ မကြာခင် ကျင်းပမယ့် UPDJC အစည်းအဝေးမှာ နှစ်ဖက်အပြန်အလှန် ဆွေး နွေးပြီးတော့မှပဲ ကျနော်တို့က အဖြေပြန်ရှာမှာဖြစ်ပါတယ်”

ယခုလ နှောင်းပိုင်းတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC ) အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့တွင် ကျင်းပရန် အစိုးရ တာဝန်ရှိသူများဖြင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု PPST က ပြောသည်။

ထို့အပြင် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများဘက်မှ တင်ပြရန် ပြင်ဆင်ထားသည့်  ပြည်ထောင်စု သဘောတူစာချုပ် မူကြမ်းကို ယခု ကျင်းပသည့် PPST အစည်းအဝေးတွင် လက်ခံအတည်ပြု ပေးခဲ့သည်။

၎င်းကော်မတီအား ယခုအစည်းအဝေး၌ UPDJC ဒု-ဥက္ကဌအဖြစ် ရွေးချယ်ခံရသည့် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက ဦးဆောင်မည်ဖြစ်သည်။

တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဒီဇင်ဘာလအတွင်း ကျင်းပမည်ဟု ပြောဆိုမှုများရှိနေသော်လည်း အစိုးရအနေဖြင့် တရားဝင် ထုတ်ပြန်ကြောငြာခြင်း မရှိသေးပေ။

ပထမအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့ အထိ ၅ ရက်တာ ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အား ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သည်။

Most read this week

September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...
September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...