တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်
ရေးမြို့နယ် မြေပုံ(ရေးတော်ဝင်)
ရေးမြို့နယ် မြေပုံ(ရေးတော်ဝင်)

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။

ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က “သဘက်ခါ (၁၇) ရက်နေ့ ကနေစပြီးတော့ တစ်ပတ်အတွင်းကို ကြီးကြပ် (၅) ဦးရွေးခိုင်းမယ်။ ပြီးတော့ တစ်လအတွင်း ပြီးအောင်ရွေးရမယ်” ဟု ပြောသည်။

လတ်တလော ရပ်စဲထားသည့် အုပ်ချုပ်ရေးမှူး (၄) နေရာကိုသာ အရင်ရွေးချယ်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ရေးမြို့နယ်ရှိ ရပ်/ကျေးအုပ်ချုပ်ရေးများကို အစိုးရအဖွဲ့၏ ညွန်ကြားချက်နှင့်အညီ ဆောင်ရွက်မည် ဖြစ်သည့်အတွက် တိတိကျကျ မသိသေးကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ ဒီလို တာဝန်ကနေ ရပ်စဲခံရတာက အရင်ဆုံး ကတော့ ပုဂ္ဂိုဟ်အရကြောင့်ပေါ့၊ အရင်တုန်းက ဒီလိုထုတ်ပယ်တာတို့ သိပ်မရှိဖူးဘူးတော့ တစ်ချို့ နေရာတွေမှာ အမှားတွေ လုပ်ခဲ့တာလည်းရှိမယ်။ ပြီးတော့ အစိုးရအဖွဲ့ရဲ့ အားနည်းချက်ပေါ့၊ တိုင်းတန်းမှုတွေရှိလာရင် တိုင်တဲ့သူတွေက ပါတီစွဲတွေလား၊ အသင်းအဖွဲ့စွဲတွေပါနေလားဆိုတာ သေသေချာချာ မစစ်ဆေးဘဲ ဆုံးဖြတ်ချက်ချလိုက်တာမျိုးတွေ ဒါက အစိုးရဘက်က အားနည်းချက်တွေပေါ့။ တစ်ချို့နေရာမှာကျတော့ ဥပဒေဘက်ဆိုင်ရာအားနည်းချက်တွေလည်း ရှိပါတယ်” ဟု ထောက်ပြသည်။

တာဝန်မှရပ်စဲခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးတွင် ကဗျာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ကျန်းမာရေးအရ အနားယူခြင်း၊ ခေါဇာမြို့ ရပ်ကွက် (၂) အုပ်ချုပ်ရေးမှူးသည် ပြည်သူများက တိုင်ကြားစာ အကြိမ်ကြိမ်တင်ပြခြင်း၊ ကျုံညဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ခြံကွက်များရောင်းရာတွင် ငွေကြေး များရယူခဲ့ခြင်းနှင့် ချောင်းတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှာ အရည်အချင်းမပြည့်စုံခြင်းတို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ (၃၁) ရက်နေ့က တာဝန်မှ ရပ်စဲခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတရုံး၏ ညွန်ကြားမှုအရ တစ်နိုင်ငံလုံးရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို အသစ်ပြန်လည် ရွေးချယ်ရမည်ဖြစ်ပြီး မွန်ပြည်နယ်အနေဖြင့် လက်ရှိသမ္မတ ဦးထင်ကျော် သမ္မတမဖြစ်ခင် ရွေးချယ်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအားလုံးကို လာမည့်ဒီဇင်ဘာလအတွင်း အပြီးရွေးချယ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က မီဒီယာများကို အသိပေးပြောကြားခဲ့သည်။ 

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...