မွန်ပြည်သစ်ပါတီ အရေးပေါ် အစည်းအဝေး ခေါ်ယူမည်

မွန်ပြည်သစ်ပါတီ အရေးပေါ် အစည်းအဝေး ခေါ်ယူမည်
by -
ရွှေရိုး

မွန်ပြည်သစ်ပါတီအနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) အပေါ် လေ့လာသုံးသပ်နိုင်ရန်နှင့် အဆုံးအဖြတ် တစ်စုံတစ်ရာပေးနိုင်ရန် လာမည့် နိုဝင်ဘာလ ၂၄ ရက်တွင် ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူမည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှက ပြောကြားသည်။

အဆိုပါ အရေးပေါ်အစည်းအဝေးတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA) အကြောင်းတစ်ခုသာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီကနေ့မှာလည်း DPN နဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) ဆွေးနွေးနေတာရှိတယ်။ အဲဒါလည်းပဲ ကျွန်တော်တို့ဘက်က တွက်ထားတာ ညှိနှိုင်းနေတဲ့အချက်တွေ ပြီးပြတ်နိုင်မလားပေါ့။ တကယ်လို့ ပြီးပြတ်သွားရင် အရင်က မွန်ပြည်နယ်အစိုးရနဲ့ ကျွန်တော်တို့ ပြောခဲ့တာတွေ အားလုံးပြီးပြတ်သွားပြီ။ တကယ်လို့ မပြီးပြတ်ခဲ့ဘူးဆိုရင် ဒီလမကုန်ခင် ကျွန်တော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ ဗဟိုကော်မတီအ စည်းအဝေးခေါ်ပြီးတော့ ပြန်လည်သုံးသပ်ပြီးတော့ အဆုံးအဖြတ်ပေးဖို့ ရှိတယ်”ဟု နိုင်ဝင်းလှက ပြောသည်။

DPN နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ သတ္တမအကြိမ်အထိ ဆွေးနွေးခဲ့သည့် အချက်များအားလုံးသည် လက်မခံနိုင်စရာအကြောင်း မရှိကြောင်း၊ ကျန်ရှိနေသောအချက်များကို နိုဝင်ဘာလ ၈ ရက်တွင် DPN နှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) ဆွေးနွေးညှိနှိုင်း အဆင်ပြေခဲ့မည်ဆိုပါက NCA လက်မှတ် ထိုးရန် လက်တစ်ကမ်းအလိုသာ ရှိတော့ကြောင်း ၎င်းက ရှင်းပြသည်။

“ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ကိုယ်ပါဝင်နိုင်ဖို့ဆိုတာ NCA ကိုထိုးမှ ဖြစ်မယ်။ NCA တံခါးပေါက်ကို ကျော်မှ ငြိမ်းချမ်းရေးလမ်းကြောင်းထဲကို ကိုယ်ကပါမယ်။ ဒီအရေးပေါ်အစည်းအဝေးမှာတော့ အဆုံးအဖြတ်ပေးမယ်။ ဘယ်လိုအဆုံးအဖြတ်ဖြစ်မလဲဆိုတာ မသိသေးဘူး”ဟု နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကို တစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိပြီး တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA အပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြပြီး ယင်းကိစ္စရပ်များကို ဗဟိုအလုပ်အမှုဆောင်များကို တာဝန်ပေးဆောင်ရွက်နေလျက်ရှိ ကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့တွေ ငြိမ်းချမ်းရေးကို အမှတ်တကယ်လဲလိုလားတယ်။ ကျွန်တော်တို့လည်း NCA လမ်းကြောင်းအတိုင်း လိုက်ပါပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတာ တိုင်းသိပြည်သိ အတိအလင်းပြောထားပြီးသား”ဟု နိုင်ဝင်းလှက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံစဉ်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုများ ရှိခဲ့ကြောင်း သိရသည်။

Most read this week