ရာဘာခြံအတွက်ဘဏ်ချေးငွေ ဧက ၄ သောင်းခန့် စာရင်းပေးသွင်းထား

ရာဘာခြံအတွက်ဘဏ်ချေးငွေ ဧက ၄ သောင်းခန့် စာရင်းပေးသွင်းထား

မွန်ပြည်နယ်ရှိ ရာဘာခြံများလိုအပ်မည့်ရင်းနှီးငွေများအတွက် ဘဏ်မှငွေချေးပေးနိုင်ရန် ဧက ၄ သောင်းခန့် စာရင်းပေးသွင်းထားပြီး ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဋ္ဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

ပြည်နယ်ဦးစီးမှူးက “မွန်ပြည်နယ်မှာ ရာဘာစိုက်ဧက ၅ သိန်းလောက်ရှိနေတယ်၊ ဒါပေမယ့် ဧက ၄ သောင်းကျော်ကျော်လောက်ကပဲ ပြောမယ်ဆို ၁၀% လောက်ကပဲ ငွေချေးချင်တဲ့ သဘောဖြစ်နေတယ်၊ ဒါကတော့ အကြောင်းအရာအသစ်နေတာလို့လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် မယုံမရဲဖြစ်လို့လည်း စာရင်းမသွင်းကြတာ ဖြစ်နိုင်တယ်၊ အခုအဲ့စာရင်းကို မွန်ပြည်နယ်အစိုးရကို တင်ထားတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ရာဘာခြံများအတွက်ငွေချေးပေးရာတွင် အတိုးမည်မျှပေးသွင်းရမည်ကို အတိအကျမသိရသေးကြောင်း၊ လယ်ယာမြေအတွက် ချေးပေးသည့် အတိုးအတိုင်းသာဖြစ်နိုင်ကြောင်း၊ တစ်ဧက ၃၇၅,၀၀၀ ကျပ်နှုန်းဖြင့် တစ်နှစ်သက်တမ်းချေးပေးမည်ဖြစ်ကြောင်း၊ ငွေချေးနိုင်ရန် ခြံပိုင်ဆိုင်မှု မှတ်ပုံတင်စာအုပ်(ပုံစံ ၇ မဟုတ်) ပြုလုပ်ပေးရန် ပြည်နယ်အစိုးရအား တင်ပြထားကြောင်း ဦးကြည်စိုးက ဆက်ပြောသည်။

ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအင်က “အခုကျွန်တော်တို့ရွာက ရာဘာခြံရှင်တွေ စာရင်းလာသွင်းတာ သိပ်မရှိပါဘူး၊ ဘာလို့ဆိုတော့ သတ်မှတ်တဲ့အချိန်မှာ ငွေပြန်ဆပ်နိုင်ဖို့ အခက်အခဲဖြစ်မှာ စိုးရိမ်ကြတယ်၊ ရုံးတွေမှာ အထောက်အထားတွေ အချက်အလက်တွေ ယူရမယ်၊ နောက် ရုံးဋ္ဌာနနှစ်ခုသုံးခု ကိုယ်တိုင်သွားရမယ်ဆိုတော့ သူတို့ ဦးနှောက်ရှုပ်လို့လေ” ဟု ပြောသည်။

ရာဘာခြံများအတွက် ဘဏ်ချေးငွေယူလိုသူများစာရင်းကို မြို့နယ်များတွင် ပြီးခဲ့သည့်စက်တင်ဘာလက စတင်ကောက်ခံခဲ့ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး ရာဘာစိုက်ဧက ၁၆ သိန်းခန့်ရှိသည့်အနက် မွန်ပြည်နယ်တွင်ဧက ၅ သိန်းခန့်ရှိပြီး ၂၀၁၇ ခုနှစ်၌ အစေးလှီးသည့်ဧက ၃ သိန်းကျော်ရှိကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေးဌာနမှ သိရသည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...