Published
Saturday, September 02, 2017
ဖမ်းဆီးခံထားရသည့် ABSDF ခေါင်းဆောင်အား တပ်မတော်မှအမှု ရုုတ်သိမ်း
သူပုန်ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့၏ ဗဟိုကော်မတီဝင် ဦးမင်းဌေးအား ကချင်ပြည်နယ်၊ မိုးမောက် တရားရုံးကတရားသေလွှတ်လိုုက်သည်။
စက်တင်ဘာလ ၁ ရက်တွင် လွှတ်လိုုက်ခြင်းဖြစ်သည်ဟုု ပြန်လည်လွှတ်မြောက်လာသည့် ဦးမင်းဌေး မှ ပြောသည်။
“အခုဒီနေ့မှာ ရုံးချိန်း ၂၇ ချိန်းမြောက်မှာပေါ့။ အဲဒါကို အမိန့်ချမှတ်တယ်။ အမိန့်ချမှတ်တော့ မတရားအသင်း ဆက်သွယ်မှု ပုဒ်မအရ မမြောက်ဘူးပေါ့ မမြောက်တဲ့အတွက် ABSDF က လည်း လက်မှတ်ထိုးပြီးသား အဖွဲ့အစည်းဖြစ်တဲ့အတွက် အဲဒါကို အမှုကို အပြီးသတ် ပိတ်သိမ်း လိုက်တယ်ပေါ့။” ဟု ဦးမင်းဌေးက ပြောသည်။
ရန်ကုန်တွင် ကျင်းပသည့် ငြိမ်းချမ်းရေး အစည်းအဝေးတစ်ခုုမှ မိမိတပ်သိုု့ ပြန်လာသော ဦးမင်းဌေးကိုု ပါလာသည့် လက်မောင်းဘက်တံဆိပ်နှင့် ဖုုန်းတွင်ရှိသော အချက်အလက်များအပေါ်အခြေခံ၍ တပ်မတော် စကခ ၂၁ က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဦးမင်းဌေးဖက်မှ တရားခံပြသက်သေအနေဖြင့် ဥက္ကဋ္ဌ ဦးသံခဲနှင့် ဦးသူရတို့မှ အင်န်စီအေ စာချုပ်နှင့် ပတ်သက်သည့် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်စာချုပ်များကို တင်သွင်းပေးခဲ့ ပြီး စက်တင်ဘာလ ၁ ရက်နေ့ ရုံးချိန်းအပြီး အမိန့်ချမှတ်ရာတွင် အပြစ်မရှိကြောင်း အမှုအားအပြီးသတ် ပိတ်သိမ်း ပေးခဲ့သည်ဟု ဦးမင်းဋ္ဌေးမှ ဆက်ပြောသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ( NCA ) လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF မြောက်ပိုင်း ) အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ထိန်းချုပ်နယ်မြေတွင် တည်ရှိနေပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးစဉ်က တည်ရှိသည့် နယ်မြေအနေအထားအရ ပြောင်းရွှေ့၍မရသည့် အခြေအနေတွင်ရှိသည်ဟုု ၎င်းက ပြောသည်။
“ဒီကာလမှာတော့ ယုံကြည်မှု တည်ဆောက်နေတဲ့ ကာလကိုး တိုင်းပြည် ပြန်လည်တည်ထောင်တဲ့ကာလလည်း ဖြစ်နေတာကိုး ဒီချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုရင်တော့ ကောင်းတာပေါ့။ အဲလိုမျိုး တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုမရှိပဲ ဒီ ပုဒ်မတွေနဲ့ အမျိုးမျိုးတပ်ပြီးမှ ဖမ်းဆီးချုပ်နှောင်နေမယ်ဆိုရင်တော့ မကောင်းဘူးပေါ့” ဟု ဦးမင်းဌေးက ပြောသည်။
ဦးမင်းဌေးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် ဗန်းမော်-လွယ် ဂျယ်လမ်းမှ ကျောင်းသား တပ်မတော် (မြောက်ပိုင်း) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ပြန်လာစဉ် စိန်လုံစစ်ဆေးရေးဂိတ်တွင် တပ်မတော်မှဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဖြင့် ဆက်သွယ်သည့် ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးမင်းဌေးသည် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နှင့်အတူ မြန်မာနိုင်ငံ အကြောင်း ရိုက်ကူးထားသည့် Rambo 4 ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ကောင်တစ်ဦးအနေနှင့် တပ်မတော် စစ်ဗိုလ်တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရ ဖွဲ့နှင့်အတူ ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် နိုင်ငံတော်အစိုးရမှ မတရားအသင်း အဖြစ်မှ ပယ်ဖျက်ထားသည့် အဖွဲ့ဖြစ်သည်။







