FPNCC နှင့် တွေ့ဆုံရန် UNFC ထွက်ခွာ

FPNCC နှင့် တွေ့ဆုံရန် UNFC ထွက်ခွာ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သည့် အဖွဲ့ဝင်များသည် UWSA ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုနိုုင်ငံရေးဆွေးနွေးညှိုနှိုင်းရေး ကော်မတီ (FPNCC)၏ ဆွေးနွေးပွဲ ပန်ခမ်း(ပန်ဆန်း) ဆွေးနွေးပွဲသို့ တက်ရောက်ရန် ထွက်ခွာသွားပြီဟု အမည်မဖော်လိုသူ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးမှ ပြောသည်။

သြဂုတ်လ ၂၀ ရက်နေ့က ပန်ခမ်း(ပန်ဆန်း) သို့ အမြန်ဆုံးလာရောက်ရန် UWSA မှ စာပို့အကြောင်းကြား လာသည့်အတွက်  UNFC အဖွဲ့ဝင်များသည်  သြဂုတ်လ ၂၁ ရက်နေ့တွင် ထွက်ခွာသွားပြီဟု သိရသည်။

UNFC ဥက္ကဋ္ဌ နိုင်ဟံသာနှင့်အတူ ဗိုလ်ချုပ် ဘီထူး၊ ဦးထွန်းဇော် တို့သွားရာက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ပူးပေါင်းရေး နှင့် တရုတ် – မြန်မာ နယ်စပ်တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ကျင်းပရေးတို့ကို ဆွေးနွေးမည်ဟု ၎င်း အမည်မဖော်လိုသူ တိုင်းရင်းသား ခေါင်းဆောင်မှ ပြောသည်။

၀ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) နှင့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) တိုု့ ဥက္ကဌများအဖြစ် ဆောင်ရွက်သွားမည့် ပြည်ထောင်စု နိုုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေး ကော်မတီ (FPNCC) သည် ၀ ဌာနချုပ် ပန်ခမ်းတွင် ယခုုလ ၁၈ ရက်မှ စတင်၍ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပလျက်ရှိသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှ ၁၆ ရက်နေ့အထိ ပထမဆုံုးအကြိမ် ကျင်းပပြုလုပ်သော UNFC ၏ ဗဟိုု အလုုပ် အမှုဆောင် ကော်မတီ အစည်းအဝေးအပြီးတွင် UNFC အနေဖြင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံရန် ရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု UNFC ၏ ပြောရေး ဆိုခွင့်ရှိသူ နိုုင်အောင်မငေးက သတင်းထောက်များအား ပြောဆိုထားသည်။

“ပူးပေါင်းဆောင်ရွက်လို့ရတဲ့ဟာက အားလုံးပူးပေါင်းဆောင်ရွက် ပါမယ်။ ကျနော်တို့ဟာ ဆိုရင် ကျနော်တို့ရော သူတို့ရော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရဲ့ တိုင်းရင်းသား အခွင့်အရေးကို အတူတကွ လုပ်ဆောင်တဲ့ သူပေါ့ ဒါပေမဲ့ နည်းလမ်းကျတော့ မတူတော့ မတူဘူး ပေါ့နော။ ဒါပေမဲ့ သွားမယ့် ပန်းတိုင်က တူနေတယ်ဆို တော့ ပူးတွဲလုပ်လို့ရတဲ့ဟာ အများကြီးပေါ့နော” ဟုပြောသည်။

UNFC သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးရန် အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC နှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိနေသည်။ အချက် ၈ ချက်တွင် ၄ ချက်အား သဘောတူညီမှု ရရှိထား ပြီး ကျန်ရှိနေသည့် အချက်များအား ဆက်လက် ဆွေးနွေးညှိနှိုင်းရန် လိုနေသေးသည်။

UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များမှာ ဒုတိယအကျော့ ကျင်းပသည့် ၂၁ ရာစုပင်လုံ ညီလာခံ ပြီးနောက်ပိုင်း အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ခြင်းမရှိပဲ ဆွေးနွေးပွဲများမှာ ရပ်တန့် နေသည်။

UNFC သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA လမ်းကြောင်းအတိုင်းသွားရန် ဆုံးဖြတ် ထားပြီး UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွးညှိနှိုင်းရေး ကော်မတီ (FPNCC) ကမူ NCA လမ်းကြောင်းအတိုင်း မဟုတ်ပဲ အခြားနိုင်ငံရေး လမ်းကြောင်းအသစ်ဖြင့် သွားမည်ဟု တရားဝင်ထုတ်ပြန်ထားသည့် အဖွဲ့ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...