မေး။ ။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ရခိုင်ပြည်နယ်မှာ မဲဆွယ်စည်းရုံးရေးကို ဘယ်နေ့က စလုပ်ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့အနေနဲ့ မဲဆွယ်စည်းရုံးရေးအတွက် ခွင့်ပြုတဲ့နေ့ စက်တင်ဘာလ ၈ ရက်နေ့ကတည်းက စတင်ပါတယ်။ စစ်တွေမြို့အနေနဲ့တော့ ၉ ရက်နေ့က စပါတယ်။
မေး။ ။ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲမျိုးတွေနဲ့ ကြံုရပါသလဲ။
ဖြေ။ ။ မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ အခက်အခဲတော့ ထူးထူးခြားခြားတော့ မတွေ့ရပါဘူး။ ကျောက်တော်မှာတစ်ခုပဲ အခက်အခဲရှိပါတယ်။ ကျောက်တော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဗီနိုင်းစ ထောင်ထားတာကို ဓါးနဲ့ဖျက်ဆီးခံရတယ်။ အဲဒါ တစ်ခုတော့ ရှိပါတယ်။
မေး။ ။ လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်မှာ နိုင်နိုင်ခြေ ဘယ်နှစ်နေရာ၊ ဒါမှမဟုတ် ဘယ်နှစ်ရာခိုင်နှုန်းလောက် ရှိပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ကတော့ ၅၀ ရခိုင်နှုန်းထက်ကျော်မယ်လို့ မှန်းထားပါတယ်။ နေရာအနေနဲ့ ပြောရရင်တော့ တောင်ပိုင်းနေရာတွေကတော့ သေချာတဲ့နေရာတွေလို့ ကျွန်တော်တို့ သက်မှတ် ထားပါတယ်။ တစ်ပြည်နယ်လုံး အနေနဲ့ဆိုရင်တော့ ၁၇ မြို့နယ်မှာ မြို့နယ် ထက်ဝက် ကျော်ကျော် လောက် နိုင်နိုင်မယ်လို့ မှန်းထားပါတယ်။
မေး။ ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၅ နှစ်တာ ပြည်နယ်အစိုးရကို ဦးဆောင်ပြီးတော့ လုပ်နေခဲ့တယ်။ ဆိုတော့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဘာတွေကို လုပ်နိုင်ခဲ့ပါလဲ။
ဖြေ။ ။ အဓိကလုပ်နိုင်ခဲ့တာကတော့ ကျွန်တော်တို့ မဟာဓါတ်အားလှိုင်းကနေ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးတဲ့ လုပ်ငန်းကတော့ အကြီးအကျယ်ဖြစ်ပါတယ်။ နောက် ဒုတိယ တစ်ခုအနေနဲ့တော့ အခုကျွန်တော်တို့ ဆက်သွယ်ရေးအတွက် မိုင်ခရို တာဝါတိုင်တွေကို ပိုမိုတိုးချဲ့ တပ်ဆင်ပြီးတော့ နယ်ကတောရွာတွေပါ ဖုန်းလှိုင်းတွေမိတဲ့အတွက် လက်ကိုင်ဖုန်းတွေကို သုံးစွဲ နိုင်တဲ့အဆင့် ရှိနေ ပြီဖြစ်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်မှာ ပြုပြင်ပြောင်းလဲမှုအနေနဲ့ ဘာတွေကို ထင်ထင်ရှားရှား လုပ်ပေးခဲ့နိုင်ပါလဲ။
ဖြေ။ ။ ထင်သာမြင်သာအနေနဲ့တော့ ကျောက်ဖြူစီးပွားရေးဇုန် ထူထောင်နိုင်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ ပြည်နယ်လွှတ်တော်ကိုကော ဘယ်လောက်အတိုင်းအတာထိ အကောင် အထည်ဖေါ်နိုင်ခဲ့ တာကိုတွေ့ရပါလဲ။
ဖြေ။ ။ ပြည်နယ်လွှတ်မှာတော့ ကျွန်တော်တို့ အဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ကော်မတီအဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ပုံမှန်အစည်းအဝေး ၁၂ ကြိမ်ကျင်းပခဲ့ပြီးတော့ အရေးပေါ် အစည်း အဝေး ၄ ကြိမ်ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်နယ်အတွက် ဥပဒေ ၁၄ ခုကို ရေးဆွဲနိုင်ခဲ့ပါတယ်။ ကြယ်ပွင့် ့ ပြတဲ့မေးခွန်း ၁၂၈၈ ခုကို မေးခွန်းမေးမြန်းခဲ့ပါတယ်။ ကြယ်ပွင့်မပြတဲ့မေးခွန်းက ၂၂၅ ခုကို မေးမြန်း နိုင်ခဲ့ပါတယ်။ အဆို ၆၃ ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။
မေး။ ။ လွှတ်တော်ရဲ့ သက်ဝင်မှု စတစ်တကျနဲ့ ဆွေးနွေးနိုင်တဲ့အပိုင်းမှာကော ဘယ်လောက်အတိုင်း အတာထိတွေ့ရပါလဲ။
ဖြေ။ ။ ပွင့်လင်းမြင်သာမှုရှိပါတယ်။
မေး။ ။ ပြည်နယ်လွှတ်တော်ကို စနစ်တကျနဲ့ အကျိုးရှိစေအောင်ဆိုရင် နောက်ထပ် ဘယ်ဥပဒေတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့မြင်ပါလဲ။
ဖြေ။ ။ ကျွန်တော်တို့မှာကတော့ အဓိက ရခိုင်ပြည်နယ်ရဲ့ ဘဏ္ဍာငွေ သုံးစွဲရေးဥပဒေကတော့ ဘဏ္ဍာရေးအရ အသုံးဆိုင်ရာဥပဒေတွေကို ပိုမိုပြီးတော့ ဘဏ္ဍာငွေရရှိရေး၊ ရခိုင်ပြည်နယ်အတွက် ဘဏ္ဍာငွေရရှိရေး၊ ပိုမိုရရှိရေးအတွက် ဘဏ္ဍာငွေကိုမြှင့်တင်ပြီးတော့ ရေးဆွဲသွားဖို့ လိုအပ်ပါတယ်။
မေး။ ။ အာဏာခွဲဝေမှုအပိုင်းနဲ့ သယံဇာတခွဲဝေမှု အပိုင်းတွေမှာကော လုံလောက်မှုရှိရဲ့လား၊ ဒါမှမဟုတ် ပြုပြင်ပြောင်း လဲပြီးတော့ ပြည်နယ်အတွက် ပိုပေးရမယ်လို့ မြင်ပါလား။
ဖြေ။ ။ ပြည်နယ်အတွက်တော့ ပိုပေးဖို့လိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ ပြည်နယ် အခွင့်အရေးတွေ၊ ဒီထက်ပိုပြီးတော့ ရနိုင်ဖို့အတွက် သယံဇာတပစ္စည်း သုံးစွဲခွင့်တွေ၊ အခွန်အခတွေကို ပြည်နယ်က ပိုမိုကောက်ခံခွင့်တွေကို ကျွန်တော်တို့ ရနိုင်တာတွေကို ပြုပြင်ပြီးတော့ လုပ်ပေးဖို့လိုအပ်ပါတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ရခိုင်ပြည်သူတွေကို ဘာတွေများပြောချင်ပါသေးလဲ။
ဖြေ။ ။ ရခိုင်ပြည်သူတွေကို ပြောချင်တာကတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ကဖွံ့ဖြိုးတိုးတက်မှုဟာ အခု လက်ရှိမှာ ဒုတိယအနိမ့်ကျဆုံးနေရာ ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်က ရရှိနိုင်မယ့် ဘဏ္ဍာငွေအသုံးစရိတ်တွေကို ပိုမိုရရှိအောင် လွှတော်မှာ တောင်းဆိုသွားပြီးတော့ ရခိုင်ပြည်သူလူထုရဲ့ ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုဆောင်ရွက်သွားမယ်လို့ပြောချင် ပါတယ်။




