အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီက ဓါတ်ပုံမှတ်တမ်း အထောက်အထား များဖြင့် မင်းပြားမြို့နယ် ရွေးကောက်ပွဲကော် မရှင်နှင့် မြောက်ဦးခရိုင် ရွေးကောက်ပွဲ ကော်မရှင်သို့ မသင့်တော်ကြောင်း တင်ပြတောင်းဆို ပြီးနောက် ၄င်းဆိုင်းဘုတ်များကို ဖြုတ်ချပေးဖို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု သိရသည်။
“မြို့နယ်ကော်မရှင်ကနေပြီးတော့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ခေါင်ဆောင်တွေနဲ့ တခြားနိုင်ငံရေး ပါတီ ရ ခုက ခေါင်းဆောင်တွေကို အောက်တိုဘာလ ၄ ရက်နေ့မှာ ခေါ်ယူ တွေ့ဆုံပြီးတော့ ညှိနှိုင်းပါတယ်။
အောက်တိုဘာလ ၁၀ ရက်အတောအတွင်း ဖြုတ်ချပေးဖို့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်က သဘောတူညီခဲ့ပါတယ်”ဟု ဦးသိန်းဇံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးခရိုင်ရွေးကောက်ပွဲကော်မရှင်မှ မင်းပြားမြို့နယ် ကော်မရှင်သို့ ညွှန်ကြားလိုက်ပြီး မြို့နယ်ကော်မရှင်က ယင်းသို့ခေါ်ယူ တွေ့ဆုံခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းဆွေးနွေးပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းပြားမြို့နယ် အတွင်းရေးမှူး ဦးအောင်စောသန်း တက်ရောက်သည်ဟု သိရသည်။
“ကျွန်တော်တို့မှာ ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲ့ဒီအဖွဲ့မှာ ပါတီအသီးသီးက ပုဂ္ဂိုလ်တွေ ပါပါတယ်။အဲ့ဒီအဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့မှာ အစည်းအဝေးခေါ်ယူပြီးတော့
ပါတီအချင်းချင်းက ညှိနှိုင်းပြီး စာသားပြန်ပြင်ဖို့ သဘောတူ ကြတာပါ။ ကော်မရှင်က ၀င်ရောက် ပြောဆိုပြီးတော့ ဖြုတ်ချခိုင်းတာ မဟုတ်ပါဘူး”ဟု မင်းပြားမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးထွန်းသာအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းဆိုင်းဘုတ်တွင် ရခိုင်တမျိုးသားလုံး၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုပြီး စာသားအပိုများ ပါရှိနေသောကြောင့် အပိုစာသားများကို ပယ်ဖျက်ပြီး မူရင်းစာသားအတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟုသာ ထားရှိဖို့ သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု သိရသည်။




