“ကျွန်တော့်ရဲ့မဲဆွယ်စည်းရုံးရေးကို အောင်မင်္ဂလာနိမိတ်အနေနဲ့ စစ်တွေမြို့နယ် အောင်တိုင်ရွာက စက်တင်ဘာလ ၂၃ ရက်မှာ စတင်ခဲ့ပြီးတော့ စစ်တွေမြို့ပေါ်မှာ ဆိုရင် စက်တင်ဘာလ ၂၆ ရက်က စတင်လိုက်ပါတယ်”ဟု မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် နိရဥ္စရာသတင်းဌာနသို့ပြောသည်
ရခိုင်အမျိုးသားပါတီမှ ၀င်ရောက်အရွေးမခံဘဲ တစ်သီးပုဂ္ဂလအနေဖြင့် ၀င်ရောက်အရွေးခံရခြင်းမှာ အနေအထား အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပြီ၊ နယ်မြေခံ မဲဆန္ဒရှင်များက အရွေးခံရန် တိုက်တွန်းတောင်းဆိုခြင်းတို့ကြောင့် ယခုကဲ့သို့ ၀င်ရောက်အရွေးခံခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်တော် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေစဉ် မောင်တောမြို့နယ်မှာရှိတဲ့ ရခိုင်ကျေးရွာ ၃၆ ရွာက လယ်သမားတွေအတွက် ကျွဲ၊ နွားနဲ့ ဓါတ်မြေသြဇာတွေ ထောက်ပံ့ပေးခဲ့တဲ့အပြင် မော်လဗီတွေရဲ့ လက်ထဲရောက်နေတဲ့ ရခိုင်လယ်ယာတွေ ရခိုင်တွေလက်ထဲပြင်ရောက်လာအောင် တစ်ရွာဝင် တစ်ရွာထွက် ဆောင်ရွက်ခဲ့တယ်၊ စည်းရုံးရေးဆင်းတာ အောင်မြင်မှုရတယ်”ဟု ဦးသာလူချေက ပြောသည်။
လွှတ်တော်အစည်းအဝေးကာလအတွင်း ရခိုင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၊ တိုင်းနှင့်ပြည်နယ် ၁၄ ခုထဲတွင် အထူးနိမ့်ကျနေသည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများကို အဆိုတင်သွင်းခဲ့သည်ဟု သိရသည်။
စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးသာလူချေသည် ၂၀၁၀ ရွေးကောက်ပွဲကာလက ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို ကိုယ်စားပြုအရွေးခံခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထဲတွင် ၀န်ကြီးတစ်နေရာ ရရှိခဲ့သူဖြစ်သည်။




