နေ့စားလပေးဝန်ထမ်းသစ် ၄၀၀ ကျော်ကို အ.မ.က (ခွဲ)ကျောင်းများတွင် အဓိက အလုပ်ခန့်မည်

နေ့စားလပေးဝန်ထမ်းသစ် ၄၀၀ ကျော်ကို အ.မ.က (ခွဲ)ကျောင်းများတွင် အဓိက အလုပ်ခန့်မည်
by -
ချင်းဝေါလ်
အသက် ၃၃ နှစ်နှင့်အောက်နေ့စားလပေး ဆရာ၊မအတွက်အလုပ်လျှောက်ထားသူ ၁၇၄၆ ရှိသည့်အနက် ၄၄၄ ဦးအားအလုပ်ခန့်အပ်မည်ဖြစ်ပြီး ယင်းဆရာ၊မများကို အ.မ.က(ခွဲ)ကျောင်းများတွင် အဓိကခန့်အပ်သွားမည်ဟု ချင်းပြည်နယ် ပညာရေးဦးစီးမှူးရုံးမှသိရသည်။

လျှောက်လွှာတင်ထားသူသည် ၁၇၄၆ ဦးရှိသော်လည်း နှုတ်ဖြေ ဖြေဆိုသူသည် ၁၄၈၃ သာရှိသည်။ ထို့ပြင် ဆရာ၊မခန့်ထားရေးအတွက်ခွဲတမ်းရရှိသော လက်ကျန် ၃၇၄ ရှိပြီး ယခင်ဝန်ထမ်းခေါ်ဆိုစဉ် အလုပ်ခန့်အပ်ပြီး အလုပ်မဝင်သည့်ဝန်ထမ်းများလည်းရှိသဖြင့် ယင်းလစ်လပ်နေရာအတွက်ပါ ထပ်မံခန့်အပ်မည်ဖြစ်သောကြောင့် ၄၄၄ နေရာတွင်ခန့်အပ်ရခြင်းဖြစ်သည်။

“အခုဝန်ထမ်းအသစ်တွေကို ဒီနှစ်မှ အ.မ.က(ခွဲ)အဆင့်တိုးမြှင့်ပေးတဲ့ကျောင်းအားလုံးမှာ နှစ်ယောက်စီခန့်ထားမယ်။ အ.မ.က (ခွဲ)တွေက ဆရာတစ်ယောက်မှမရှိဘူးလေ။ နောက်ပြီးတော့ ကျောင်းသားများပြီးတော့ ဆရာနည်းတဲ့ကျောင်းတွေကို ကျောင်းသားနဲ့ဆရာအချိုး ညီအောင်ထည့်မယ်။ စက်တင်ဘာ ဒုတိယပတ်လောက်မှာ အလုပ်ခန့်နိုင်မယ်”ဟု ချင်းပြည်နယ် ပညာရေးဦးစီးမှူးရုံးမှ လက်ထောက်ပညာရေးညွှန်ကြားရေးမှူး ဦးသန်းမြိုင်ကပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင် အ.မ.က(ခွဲ) အဆင့်တိုးထားသည့်ကျောင်း ၈၄ ကျောင်းရှိပြီး ကျောင်းသား ၃၀ အောက်ရှိလျှင် ဆရာ၊မ နှစ်ယောက်နှုန်းဖြစ်လည်းကောင်း၊ ကျောင်းသား ၅၀ အောက်ရှိရင် ဆရာ၊မ သုံးယောက်နှုန်းဖြစ်လည်းကောင်း၊ ကျောင်းသား ၈၀ အောက်ရှိလျှင် ဆရာ၊မ လေးယောက်နှုန်းဖြစ်လည်းကောင်းခန့်အပ်သွားမည်ဟုသိရသည်။

“ဒီနှစ်တွက် တစ်အချိုးလေးဆိုတော့ မလိုတော့ဘူး။ နောက်နှစ်ကျရင် တစ်အချိုးငါးတိုးမယ်။ အဲ့ချိန်မှာတော့ အသစ်ထပ်ခေါ်မယ်လေ။ ခုချိန်မှာတော့ ဆရာ၊မလစ်လပ်နေရာ သုံးရာကျော်တော့ရှိတယ်။ ဒါပေမယ့် ခု ဆရာ၊မအတက်သင်တန်းကျောင်းထွက်မယ့်သူတွေအတွက် လျှာထားတယ်”ဟု ဦးသန်းမြိုင်ကပြောသည်။

နေ့စားလပေး ဆရာ၊မများသည် တစ်ရက်လျှင်ကျပ်ငါးထောင်ရရှိမည်ဖြစ်သည်။

မင်းတပ်မြို့တွင် အသက် (၃၃)နှစ်နှင့်အောက်နေ့စားလပေးဆရာ၊မလျှောက်ထားသူများအားတွေ့ရစဉ်။ ဓာတ်ပုံ-Van Salai facebook

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...