ပလက်ဝမြို့နယ်တွင် ရွာ ၁၀၀ ခန့် ကြွက်ဘေးရင်ဆိုင်နေရ

ပလက်ဝမြို့နယ်တွင် ရွာ ၁၀၀ ခန့် ကြွက်ဘေးရင်ဆိုင်နေရ
by -
ချင်းဝောလ်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရွာ ၁၀၀ ခန့်၏ တောင်ယာနှင့် တခြားသီးနှံစိုက်ခင်းများမှာ ကြွက်ကောင်များ၏ ဖျက်စီးမှုကြောင့် ပျက်စီးကုန်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်မှ ပြည်သူများသည် အများအားဖြင့် တောင်ယာ၊ လယ်၊ ဂမုန်း၊ ပဲနှင့် နှမ်းခင်းတို့ကို စိုက်ပျိုးလုပ်ကိုင်၍ အဓိကထား အသက်မွေးဝမ်းကြောင်းပြု နေထိုင်သူများပြီး ပလက်ဝမြို့နယ်တွင် ရွာပေါင်း ၄၀၀ ကျော် ရှိသည့်အနက် ၁၀၀ ခန့်မှ မိဘပြည်သူများသည် ကြွက်ဘေးဒဏ်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။

“စာရင်းအတိအကျတော့ မကောက်နိုင်သေးဘူး။ သတင်းရတာတော့ ရွာတစ်ရာလောက်က ကြွက်ဘေးကို ရင်ဆိုင်နေရတယ်လို့ သိရတယ်။ ဒီကိစ္စကလည်း အရမ်းအရေးကြီးတဲ့ ကိစ္စပါ။ အခု စပါးရိတ်ချိန်ဖြစ်ပေမဲ့ ကြွက်တွေ ဖျက်ဆီးတာကြောင့် စပါးတွေအကုန်ပျက်တယ်။ လုပ်ထားသမျှ ပင်ပန်းတာပဲ အဖက်တင်တယ်။ တော်တော် ဒုက္ခပေးတဲ့ကြွက်တွေပဲ။ ဒီအတိုင်းဆို စပါးမရလို့ နောက်နှစ် ဒုက္ခရောက်ကြရမှာပါ”ဟု ပလက်ဝမှ အိုက်ကျော်အောင်က ပြောသည်။

လွန်ခဲ့သော ၂၀၀၇ ခုနှစ်ကလည်း ကြွက်ဘေးကို ပလက်ဝမြို့နယ်တစ်မြို့နယ်လုံး အတိုင်းအတာ အဖြစ် အကြီးအကျယ် ရင်ဆိုင်ရခဲ့ဖူးသည်။

ပလက်ဝမြို့နယ်တွင် ယခုနှစ်အတွင်း ဘေး ၃ ဘေး (စစ်ဘေး၊ ရေဘေး၊ ကြွက်ဘေး)နှင့် ရင်ဆိုင် နေရခြင်းဖြစ်သည်။ ယခုနှစ် မတ်လ ၂၈ ရက်နေ့က ရခိုင်လက်နက်ကိုင် AA နှင့် တပ်မတော်အကြား ပစ်ခက်မှုများဆက်တိုက်ဖြစ်ပွားပြီးနောက် ပီချောင်းအရပ်၊ ပြင်စိုရွာသား ၃၇၀ဦးတို့သည် မိမိတို့ရပ်ရွာ အိုးအိမ်များကို စွန့်ခွာကာ ကုလားတန်ဘက် လောက်တင်ရွာအနီးသို့ ရှောင်ပြေးခဲ့ရသည်။

စက်တင်ဘာ ၁၀ရက်နေ့က အောင်ပြေဝကျေးရွာမှ ဦးနန်းပကို ရခိုင်လက်နက်များက ဖမ်းဆီးခဲ့ခြင်း သတင်းကြောင့်လည်း ရခိုင်လက်နက်ကိုင်များကို ကြောက်ရွံ့၍ ပီချောင်းအထက်ပိုင်းဒေသမှ ပြည်သူများသည် စပါးရိတ်ချိန်ဖြစ်သော်လည်း တောင်ယာမသွားရဲဘဲရှိကြောင်း သိရသည်။

ထို့အပြင် ဇူလိုင် ၂၇ ရက်များက စတင်ကာအဆက်မပြတ်ရွာသွန်းသော မိုးရေကြောင့် ရေဘေးဒဏ် သင့်မှု ကြံုတွေ့ခံစားရကာ တစ်မြို့နယ်လုံးအတိုင်းအတာ အိမ်ခြေ ၁၁၃၅ အိမ်ခြေပျက်စီးခဲ့သည်။ အစိုးရ အဆောက်အအုံများလည်း များစွာ ပျက်စီးခဲ့ခြင်းကြောင့် ပလက်ဝသမိုင်းတွင် အပျက်အစီး အများဆုံး ဖြစ်စဉ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့သလို ရေဘေးဒုက္ခမလွတ်ကျွတ်မီ နောက် ထပ် ကြွက်ဘေးဒဏ် ထပ်ကြုံတွေ့နေရခြင်းဖြစ်သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...