“တင်းတောင်းနဲ့ ရောင်းဝယ်နေတဲ့စနစ်က ခေတ်မရှိတော့ဘူး၊ တိကျသေချာမှုလည်း မရှိနိုင်ဘူး၊ နိုင်ငံတကာစံနှုန်းနဲ့လည်း မညီနိုင်ဘူး၊ လယ်သမားအကျိုးစီးပွားကာကွယ်ပေးနိုင်ဖို့ ဒေသမှာ တိကျသေချာတဲ့ ဒစ်ဂျစ်တယ် ကတ္တားစနစ်နဲ့ ရောင်းဝယ်နိုင်အောင်ဆောင်ရွက်သွားရမှာဖြစ်တယ်”ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံ ဦးအောင်ကိုကိုက ပြောသည်။
ကုန်သည်နှင့် လယ်သမားများအကြား တစ်ဖက်နှင့် တစ်ဖက် နစ်နာမှုမရှိစေရေး၊ ရောင်းဝယ်မှု အဆင်ပြေစေရေးအတွက် ကျေးရွာများတွင် ဆန်စပါးရောင်းဝယ်ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းထားပြီး ဖြစ်ကာ စပါးတစ်တင်းလျှင် ၄၆ ပေါင်နှုန်း ရောင်းဝယ်ကြရန် သတ်မှတ်ထားကြောင်း ချောင်းဆုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။
“လယ်သမားတွေနစ်နာမှု ရှိခဲ့တာ ကြာပါပြီ၊ တိကျသေချာတဲ့ အချိန်အတွယ်တွေနဲ့ ရောင်းဝယ်ခြင်တယ် အခုချိန်တွယ်နေတဲ့တင်းတောင်းတွေက ပြည် ၂၀ ကျော်ဖြစ်နေတဲ့အတွက် လယ်ကစပါး ဘယ်လောက် ထွက်နေတယ် ဆိုတာလည်း လယ်သမားတွေ မသိရတော့ဘူး ၄၆ ပေါင်တစ်တင်းသတ်မှတ်ပြီး ရောင်းဝယ် တာကို လယ်သမားအများစုက ကြိုဆိုပါတယ်”ဟု ကော့မုပွန်ကျေးရွာလယ်ကွင်းမှ ဦးရဲဘော်ဌေးက ပြောသည်။
ဆန်စပါးဈေးနှုန်းသည် ရောင်းဝယ်သူများအပေါ်တွင်သာမူတည်ကြောင်း အလေးအချိန်အတွယ် တိကျမှန်ကန်မှု ကိုသာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် အုုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ်သို့ လာရောက်စဉ် ဒေသခံများ တင်ပြချက်အရ ဆန်စပါးရောင်းဝယ်ရာတွင် အချိန်အတွယ်စနစ်ကို ပြောင်းလဲနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် အချိန်အတွယ် တိကျမှုမရှိပါက အဆင့်ဆင့်တိုင်ကြားနိုင်ပြီး ပြစ်မှုကျူးလွန်ပါက ဥပဒေအရ အရေးယူမှုများလည်း ရှိလာမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။



