ထိုင်းသို့ ရောင်းစားခံရသူ မြန်မာ၂၁ဦးကို ပြန်လည်လွှဲအပ်

ထိုင်းသို့ ရောင်းစားခံရသူ မြန်မာ၂၁ဦးကို ပြန်လည်လွှဲအပ်
by -
ဟင်္သာမီဒီယာ
ထိုင်းနိုင်ငံရှိ လုပ်ငန်းများတွင် အလုပ်ခိုင်းစေရန် ရောင်းစားခံခဲ့ရသည်ဆိုသော မြန်မာနိုင်ငံသား ၂၁ဦးကိုထိုင်းနိုင်ငံလူသား လုံခြံုရေးဝန်ကြီးဌာနက မြန်မာနိုင်ငံလူမှုဝန်ထမ်းရုံးထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မွန်ပြည်နယ် လူမှုဖူလုံရေးဌာနဦးစီးမှူး ဒေါ်နွယ်နီလှိုင်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

လူကုန်ကူးခံရသူ ၂၁ ဦးကို  ဇူလိုင်လရရက်နေ့တွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအနီးရှိ လူကုန်ကူးခံရသူများ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာတွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုဝန်ထမ်းရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူကုန်ကူးခံရသည့် အမျိုးသား ၁၁ဦးနှင့် အမျိုးသမီး၁ဝဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အသက်မပြည့်သေးသူ ခုနစ်ဦး ပါဝင်ကာ ထိုင်းနိုင်ငံရှိပင်လယ်ငါးဖမ်းလုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် အသီးသီးလုပ်ကိုင်ခဲ့ကြရကြောင်းမွန်ပြည်နယ် လူမှုဝန်ထမ်းရုံးထံမှ သိရသည်။

“ ပွဲစားကစက်ရုံမှာလုပ်ရမယ်ဆိုပြီးခေါ်သွားတာ၊ ဟိုရောက်တော့ မကောင်းတဲ့နေရာမှာလုပ်ရတယ်၊ ထွက်ပြေးရင်းရဲလက်ထဲရောက် သွားလို့ ဒီကိုရောက်လာတာ” ဟု လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံတွင် ၆နှစ်ကြာအလုပ်လုပ်ကိုင် ခဲ့ရသည့်  မော်လမြိုင်မြို့တွင်နေထိုင်သော အမျိုးသမီးတစ်ဦးက ပြော ဆိုသည်။

ရောင်းစားခံရသောအမျိုးသား ၁၁ဦးတွင် ငါးဦးမှာ ထိုင်းနိုင်ငံ၊ ကတန်မြို့ရှိငါးဖမ်းလှေပေါ်တွင် ခိုင်းစေခံခဲ့ရပြီး  DSI(ထိုင်းနိုင်ငံအထူးထောက်လှမ်းရေးအဖွဲ့) ၏ ဖုန်းနံပါတ်ကိုဆက်သွယ်ခဲ့ရာမှတဆင့် အဆိုပါအဖွဲ့က လာရောက်ကယ်ဆယ််ခဲ့၍  လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ငါးဖမ်းလှေများတွင်လေးနှစ်ကြာအလုပ်လုပ်ကိုင်ခဲ့သည့် မွန်ပြည်နယ် ဘီလူးကျွန်းချောင်းဆုံမြို့ တိုးချဲ့အရှေ့ခြမ်းတွင်နေထိုင်သော အမျိုးသားတစ်ဦးက ပြောကြားသည်။

“လျှာမှာ မြက်ပေါက်သွားပါစေ။ ထိုင်းနိုင်ငံကိုဘယ်တော့မှ မသွားတော့ဘူး။ စိတ်ထဲမှာမပါဘဲ အလုပ်လုပ်ခဲ့ရပြီး သေဘေးတွေလည်း ကြံုခဲ့ရတယ်” ဟု ၎င်းကဆိုလေသည်။

ထိုင်းနိုင်ငံက လွှဲပြောင်းအပ်နှံခဲ့သည့် လူကုန်ကူးခံရသူများ တွင် မွန်ပြည်နယ်မှ ခုနစ်ဦး၊ တနင်္သာရီတိုင်းမှ နှစ်ဦး၊ရန်ကုန်မှ နှစ်ဦး၊ရှမ်းပြည်နယ် တောင်ပိုင်းမှ ၅ဦး နှင့် နေပြည်တော်၊ပဲခူး၊ ဧရာဝတီတိုင်းတို့ မှ တစ်ဦးစီဖြစ်ကြကာ နေရပ်လိပ်စာမသိသူ နှစ်ဦးလည်းပါဝင်ကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးဦးစီးမှူး ဒေါ်နွယ်နီလှို်င်ကပြောသည်။

အဆိုပါ မြန်မာနိုင်ငံသား၂၁ဦးကို  ထိုင်းနိုင်ငံ၊ ဟယိုင်အပိုင် စွန်ခလာအမျိုးသားစောင့်ရှောက်ရေးရုံးတွင် (၈)လကြာထားရှိပြီး ထိုင်းနိုင်ငံအထူးထောက်လှမ်းရေးအဖွဲ့က တရားလိုလုပ်၍အမှုရင်ဆိုင်ခဲ့ကြောင်း  ယင်းကုန်ကူးခံခဲ့ရသူများထံမှ သိရသည်။

ထို့သို့တရားရင်ဆိုင်ခဲ့ရာမှ ထိုင်းအစိုးရကနစ်နာကြေးများ အသီးသီးပေးအပ်မည်ဟုဆိုကာ မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ထို်င်းတွင် လှေလုပ်သားအဖြစ် ၂၆နှစ်ကြာအလုပ်လုပ်ကိုင်ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး တွင်နေထိုင်သော အမျိုးသားတစ်ဦးက ရှင်းပြသည်။

“ရှစ်လတရားရင်ဆိုင်ခဲ့တယ်၊ အနိုင်လဲရခဲ့တယ်၊နစ်နာကြေးပေးမယ်ပြောပေမယ့် အခုထပ်ထိတော့မရသေးပါဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် လူကုန်ကူးခံရသူ ၂၁ ဦးကို မော်လမြိုင်မြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းနှင့် လူငယ်သင်တန်းကျောင်းများတွင် စစ်ဆေးမေးမြန်းလျက်ရှိပြီး နေရပ်ဇာတိသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဉ်နေ  ကြောင်းမွန်ပြည်နယ် လူမှုဖူလုံရေးဌာနဦးစီးမှူး ဒေါ်နွယ်နီလှိုင်က ပြောဆိုသည်။

Most read this week