အဆိုပါ သူငယ်တန်းသင်ရိုးသစ်ကို တိုင်းရင်းသားဘာသာအလိုက် ပြုစုထားပြီး ကျောင်းသားကလေးငယ်များ နားလည်နိုင်မည့် ဘာသာစကားဖြင့် သင်ကြားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
“ဥပမာ မွန်စာပေကနေပြီးတော့ မွန်လိုအတွက် ပုံပြင်တို့ကဗျာတို့ထုတ်ထားတာရှိတယ်၊ ကလေးတွေကို မွန်လိုချည်းပဲ သင်ရမှာမဟုတ်ဘူး၊ ကလေးတွေ အတွက် နားလည်တဲ့ ဘာသာစကားနဲ့ သင်သွားမယ် မြန်မာလိုတော့ နည်းနည်းပါးပါး ကြားညှပ် သင်ပေးသွားမယ်။ မွန်ပြည်နယ်မှာဆိုရင် မွန်၊ကရင်၊ ပအို့ဝ် က များတော့ သူတို့ဘာသာနဲ့ သင်ပေးရမှာပေါ့ ”ဟု ဒေါ်စန်းစန်းဌေးက ဆိုသည်။
မွန်ပြည်နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ဆရာမများကို သူငယ်တန်း (KG)သင်ရိုးညွှန်းတန်း အသစ် သင်ကြားရေးသင်တန်းကို မတ်လ ၂၂ ရက်နေ့မှ ဧပြီ ရ ရက်နေ့အထိ မော်လမြိုင်မြို့တွင် သင်ကြားပို့ချပေးမည်ဖြစ် ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
အဆိုပါ သင်တန်းတွင် ဆရာ၊ဆရာမများကို မြန်မာဘာသာဖြင့်သာ သင်ကြားမည်ဖြစ်သော်လည်း ကျောင်းသား၊ကျောင်းသူများကို နားလည်သည့် ဘာသာစကားဖြင့်သာ ပြန်လည် သင်ကြားနိုင်ကြောင်း ဒေါ်စန်းစန်းဌေးက ထပ်လောင်းပြောကြားသည်။
သူငယ်တန်း (KG)သင်ရိုးသစ်ဆိုသည်မှာ ကျောင်းသားကျောင်းသူများအတွက် စဉ်းစားတွေးခေါ်မှုကို ဦးတည်သော သင်ယူမှု ဖွံ့ဖြိုးရေးနယ်ပယ် ခြောက်ခုဖြစ်သည့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ စာရိတ္တ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း၊ သချင်္ာ အခြေခံများကို စူးစမ်းလေ့လာခြင်း၊ အနုပညာခံစားမှုနှင့် ဖန်တီးခြင်း၊ ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်းများကို သင်ကြားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနမှ သိရသည်။



