ရန်ကုန်တိုင်းဝန်ကြီးချုပ် ခွင့်မပြု၍ လူ့အခွင့်အရေးနေ့ အခမ်းအနား နေရာပြောင်းကျင်းပ

ရန်ကုန်တိုင်းဝန်ကြီးချုပ် ခွင့်မပြု၍ လူ့အခွင့်အရေးနေ့ အခမ်းအနား နေရာပြောင်းကျင်းပ
by -
မဇ္ဈိမ
ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို အထက်ကြည့်မြင်တိုင်လမ်းရှိ Saint Michael Anglican Church တွင် မူလကစီစဉ်ထားသော်လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ခွင့်မပြု၍ နေရာပြောင်း ကျင်းပခဲ့ရသည်။

ကြည့်မြင်တိုင်၊ နတ်စင်လမ်း လူ့အခွင့်အရေးအသိပညာပေးသူများကွန်ရက် HREN ရုံးခန်းသို့ ပြောင်းလဲကျင်းပခဲ့ရခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက်နေ့ကျရောက်သည့် အခမ်းအနားအတွက် ခွင့်ပြုမိန့်ပါမစ်အား အစိုးရသတ်မှတ်ထား သည့်အတိုင်း ၁၅ရက်ကြိုတင်၍ နိုဝင်ဘာ ၂၈ ရက်နေ့၌ တင်ခဲ့သော်လည်း ပွဲကျင်းပရန် နှစ်ရက် အလိုကျမှသာ ခွင့်မပြုကြောင်း ပြန်ကြားပြီး၊ အကြောင်းပြချက်လည်း မပါကြောင်း ဆိုသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ''မြို့နယ်၊ ခရိုင်ဘာမှ ပြဿနာ မတက်ဘူး။ ပွဲမစခင် နှစ်ရက်အလိုကျမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ခွင့်မပြုနိုင်ဘူးဆိုပြီး စာရောက်လာတယ်။ ဘာကြောင့် ခွင့်မပြုဘူးဆိုတဲ့ အကြောင်းရင်းမပါဘူး။"ဟု မဇ္စျိမသို့ ပြောသည်။

ဆက်လက်ပြီး သူက "အစိုးရက လူ့အခွင့်အရေး ထွန်းကားအောင် လုပ်ဆောင်မှု ပျက်ကွက်တယ်လို့ ပြောရင်မှန်တယ်။ ပူးပေါင်းဆောင်ရွက်တာ မရှိဘူး။ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အားကို ခွင့်ပြုပါ တယ်ဆိုတာ တကယ်တမ်းလက်တွေ့မှာ မရှိဘူးဆိုတာ သက်သေပြလိုက်တာဘဲ။"ဟု ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က "အနီးကပ်မှ အခုလိုနေရာပြောင်းလဲ လုပ်ပေမယ့် အဆင်ပြေပြေ လုပ်နိုင်တဲ့အတွက် ၀မ်းသာပါတယ်။ လုပ်နိုင်ခဲ့တဲ့လူတွေအားလုံးကို ဂုဏ်ယူချီးကျုးပါတယ်။ လူ့အခွင့်အရေးဆိုတာ ရွေးကောက်ပွဲတစ်ပွဲတည်းနဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ အားလုံးပူးပေါင်းကြမှရမှာပါ။"ဟု ဒီဇင်ဘာ ၁၀ ရက်၊ ညနေပိုင်း HREN ရုံးခန်း၌ ကျင်းပ သော အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။

၆၇ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကို နေပြည်တော်အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်း၌ ဟောပြော ပွဲပြုလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ လူ့အခွင့်အရေး ကြေညာစာတမ်း လက်ကမ်းစာစောင်ဝေခြင်း၊ ဇာတ်လမ်းတိုများ ပြသခြင်းတို့ဖြင့် ကျင်းပခဲ့ကြသည်။

၂၀၁၅ ခုနှစ် လူ့အခွင့်အရေးနေ့ဆောင်ပုဒ်သည် ''အခွင့်အရေးနဲ့ လွတ်လပ်မှုဟာ ထာဝရအတွက်ပါ” “Our Rights, our freedoms, Always!” ဟူ၍ ဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...