တောင်ဒဂုံရှိ အငှားအိမ်ရာစီမံကိန်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် နေထိုင်ခွင့် လျှောက်ထားနိုင်ပြီ

တောင်ဒဂုံရှိ အငှားအိမ်ရာစီမံကိန်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီတွင် နေထိုင်ခွင့် လျှောက်ထားနိုင်ပြီ
by -
မဇ္ဈိမ
ဒဂုံမြို့သစ်တောင်မြို့နယ်၊ မြေတိုင်းရပ်ကွက်တွင် တည်ဆောက်နေသော အငှားအိမ်ရာစီမံကိန်းအား လာမည့်နှစ် မတ်လကုန်တွင် အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ငှားရမ်းနေထိုင်ခွင့် လျှောက် ထားနိုင်ပြီဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

အိမ်အခန်းတစ်ခန်းလျှင် အိပ်ခန်း နှစ်ခန်းစီပါဝင်သော အိမ်ခန်းပေါင်း ၁၂၀၀ခန့် ပါ၀င်သည့် အဆိုပါ အငှားအိမ်ရာစီမံကိန်းတွင် ငှားရမ်းနေထိုင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီ ၁ရက်မှ ၁၅ရက်အတွင်း အစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်သည်။

အဆိုပါ အိမ်ရာကို မည်သည့်ကာလတွင် ပြည်သူများထံ အငှားချပေးမည်နည်းဟု ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ အတိုက်အခံ အတ် ဒေါက်တာညိုညိုသင်းက ဒီဇင်ဘာ ၁ရက်တွင်ပြုလုပ်သည့် တိုင်းလွှတ်တော် အထူးအစည်းအဝေး တွင် မေးမြန်းမှုအပေါ် ဝန်ကြီး ဦးကျော်စိုးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် အခန်းပိုင်ဆိုင်မှုမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်ဖြင့်သာ လျှောက်ထားနိုင်မည်ဟုလည်း ဆိုသည်။

"စီမံကိန်းတွင် ငှားရမ်းနေထိုင်လိုသူ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအနေဖြင့် ငှားရမ်း နေထိုင်ခွင့် လျှောက်လွှာ တင်သွင်းရမှာဖြစ်ပြီး လျှောက်လွှာနဲ့အတူ နေထိုင်ခန်းပိုင်ဆိုင်ခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပူးတွဲတင်ပြရန် လိုအပ်ပါတယ်"ဟု ဦးကျော်စိုးက ပြောသည်။

အဆိုပါ အငှားအိမ်ရာစီမံကိန်းအား ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ကျပ်ဘီလီယံပေါင်း ၂၀ (ကျပ်သန်းပေါင်း နှစ်သောင်း)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်အစိုးရအဖွဲ့က ယခုနှစ် ဇွန်လအတွင်း ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ပြောဆို ထားသည်။

အခန်းပေါင်း(၂၀၀၀)ခန့်ပါ၀င်မည့် အဆိုပါ အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့် လျှောက်ထားသူ ဦးရေမှာ အခန်းအရေ အတွက်ထက်ပိုနေပါက မဲစနစ်ဖြင့် ငှားရမ်းခွင့်ပြုမည်ဟုလည်း ဝန်ကြီး ဦးကျော်စိုးက ပြောသည်။ သို့သော် မည်သည့်နှုန်းထားဖြင့် ငှားရမ်းနေထိုင််ခွင့်ပြုမည်ကိုမူ ဝန်ကြီး ဦးကျော်စိုးက လွှတ်တော်အစည်းအဝေးတွင် ပြောဆိုသွားခြင်း မရှိပေ။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...