"အခု ရှမ်းပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို လုံးဝ ရပ်တန့်ပေးပါ။ ဒီစစ်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူ တွေ သေးဆုံးနေရတယ်။ အမျိုးသမီးတွေ ကလေးငယ်တွေကအစ ထွက်ပြေးတိမ်းရှောင်နေရတယ်။ အဲဒါကြောင့် နှစ်ဖက်စလုံးကို ပြောချင်ပါတယ်။ စစ်ပွဲတွေ အမြန်ဆုံးရပ်ပေးပါ"ဟု ရန်ကုန်လူငယ်ကွန်ရက်မှ ကိုဇေလင်းက ပြောသည်။
အဆိုပါလှုပ်ရှားမှုတွင် စစ်ပွဲများ ရပ်တန့်ပေးရေးလူထု လက်မှတ်ကောက်ခံခြင်းများ၊ စစ်ဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းရန် အလှူငွေ ကောက်ခံခြင်များ၊ အသံတိတ် သရုပ်ပြခြင်းများ လုပ်ဆောင်ခဲ့သည်။
"ကျွန်တော်က ရှမ်းလူငယ် တစ်ယောက်ပဲလေ၊ အခုကျွန်တော်တို့ ရှမ်းပြည်မှာ စစ်ပွဲတွေကြောင့်ဒုက္ခတွေ ရောက်နေကြတယ်။ စစ်ပွဲတွေ ရပ်ပြီး စားပွဲဝိုင်းပေါ် အမြန်ဆုံးသွားကြပါ။ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ လုပ်ကြပါ"ဟု လှုပ်ရှားမှုတွင် ပါ၀င်သည့် ကိုစိုင်းပေါင်ကပြော သည်။
ရှမ်းပြည်နယ်အတွင်း စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ပြည်သူများမှာ လားရှိုး မြို့ပေါ်တွင် ၁၀၇ ဦး၊ ၀မ်ဝ စစ်ဘေးရှောင်စခန်းတွင် ၁၁၀၀ဦး၊ ဟိုင်းပါတွင် ၁၅၀၀ဦး၊ မိုင်းရှုးတွင် ၁၅၀၀ ဦး၊ တောင်ကြီးတွင် ၁၃၀ဦး ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရှမ်းလူငယ် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
စစ်ပွဲများရပ်တန့်ပေးရန် ပြည်သူများလက်မှတ်ရေးထိုးမှု လှုပ်ရှားမှုကို နိုဝင်ဘာလ ကုန်ပိုင်းအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားလှုပ်ရှားမှုများကိုလည်း လူငယ်အဖွဲ့အစည်းများနှင့် တိုင်ပင်ကာ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကိုဇေလင်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်မှ ယခုထိ အစိုးရစစ်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ် အစောပိုင်းက SSPP/SSA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော်လည်း တစ်နိုင်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး မပါဝင်သဖြင့် လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။







