ရေတွက်ရန် မဲရုံများ ကျန်နေသေးကြောင်း မြို့နယ်၊ ခရိုင်၊ ပြည်ထောင်စုအဆင့်ဆင့်သို့ တိုင်ကြားခဲ့ သောကြောင့် ကျန်ရှိနေသည့် နမ့်ဆန်မြို့နယ်အတွင်းရှိ မဲရုံ ၅ ရုံအား ပြန်လည်ရေတွက်မှုအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တအာင်း(ပလောင်) အမျိုးသားပါတီမှ ဦးညီစိန်အား အနိုင်ပေးခဲ့၍ ပြည်ခိုင်ဖြိုးပါတီမှာ နိုင်ရာမှရှုံးသွားသည်ဟု တအာင်း(ပလောင်) အမျိုးသားပါတီ ရုံးချုပ်က ပြောကြားသည်။
''ကျွန်တော်တို့ အဆင့်ဆင့် တိုင်ကြားမှုတွေလုပ်မှ နမ့်ဆန်မှာကျန်နေတဲ့ မဲရုံ (၅) ရုံကို ပြန်ရေတွက် တော့ ဦးညီစိန် အနိုင်ရပါတယ်။ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်ထဲက ဘယ်မဲရုံလဲတော့ မသိဘူး။ အခု အဲ့ဒီကိစ္စနဲ့ ဦးညီစိန် နေပြည်တော် ရောက်နေတယ်''ဟု ပါတီရုံးချုပ် တာဝန်ခံ ဦးလှကျော်က မဇ္စျိမသို့ ပြောသည်။ မဲစာရင်း ပြန်လည်ရေတွက်မှုအရ ဦးညီစိန်က (၄၁၀၄၆) မဲ၊ ဦးစိုင်းဆာလူက (၄၀၈၄၇) မဲ ရရှိခဲ့သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)တွင် ဦးညီစိန် အနိုင်ရကြောင်း ဥပဒေပုဒ်မ ၄၉(ခ) နှင့်အညီ နိုဝင်ဘာ ၂၃ ရက်နေ့ ကြေညာချက်အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ၂၄ ရက်နေ့တွင် ဆန္ဒမဲအများဆုံးဖြင့် ရွေးကောက်တင်မြှောက်ခံ ရသူမှာ ဦးညီစိန် ဖြစ်သည်ဟု ပြောင်းလဲကြေညာပေးခဲ့ခြင်း ဖြစ်သည်။
မဲဆန္ဒနယ် အမှတ် (၅) တွင် ဦးခွန်ထူး တစ်သီးပုဂ္ဂလ၊ ဒေါက်တာ စိုင်းကျော်အုန်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒေါ်နန်းထွေးမှုံ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်စန်းစန်းထွေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဦးစိုင်းဆာလူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဦးညီစိန် တအာင်း(ပလောင်) အမျိုးသားပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
တအာင်း(ပလောင်) အမျိုးသားသားပါတီသည် ယခုရွေးကောက်ပွဲတွင် (၂၇) ဦး ၀င်ပြိုင်ပြီး အမျိုးသားလွှတ်တော် ၂ ဦး၊ ပြည်သူ့လွှတ်တော် ၄ ဦး၊ ပြည်နယ်လွှတ်တော် ၆ ဦးအနိုင်ရရှိခဲ့သည်။







