တပ်မတော်နှင့် SSPP/SSA တို့ ငါးရက်အတွင်း စစ်ရှိန်လျော့ဖို့ နှစ်ဘက်သဘောတူ

တပ်မတော်နှင့် SSPP/SSA တို့ ငါးရက်အတွင်း စစ်ရှိန်လျော့ဖို့ နှစ်ဘက်သဘောတူ
by -
မဇ္ဈိမ
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ လက်ရှိ ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို လျော့ချရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက်ရ အပါအဝင် အချက် ၆ ချက်ကို မူအားဖြင့် သဘောတူညီခဲ့ကြသည်ဟု မဇ္ဈိမက ရရှိထားသည့် ဆွေးနွေးမှု မှတ်တမ်းတွင် ဖေါ်ပြသည်။

နိုဝင်ဘာလ ၂၄ ရက် နေ့စွဲဖြင့် နှစ်ဖက် ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားသည့် အစည်းအဝေး မှတ်တမ်းတွင် SSPP/SSA အနေဖြင့် မိုင်းနောင်၊ မိုင်းရှူး ကားလမ်းမြောက်ဘက်ခြမ်းတွင် ရွှေ့ပြောင်း နေထိုင်ရန်နှင့် မိုင်းနောင်-မိုင်းရှူး ကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန်၊ မိုင်းနောင်တွင် SSPP/SSA ဆက်ဆံရေးရုံး ဖွင့်လှစ်၍ နှစ်ဖက် ပဋိပက္ခများနှင့် လိုအပ်သော အုပ်ချုပ်ပှုဆိုင်ရာကို ညှိနှိုင်းဖြေရှင်း သွားရန်တို့ကို သဘောတူညီမှု ရရှိခဲ့သည်။

နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးမှုတွင် အစိုးရနှင့် SSPP/SSA တို့အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က တောင်ကြီးမြို့တွင် လက်မျတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူစာချုပ်ပါ ဆက်လက်ဆောင်ရွက် ကိစ္စရပ်များကို နှစ်ဖက် ညှိနှိုင်းပြီး ဆက်လက် အကောင်အထည် ဖော်သွားရန် ပါဝင်သည်။

ထို့အပြင် လက်ရှိ ပဋိပက္ခကြောင့် ယာယီပိတ်ထားရသော စာသင်ကျောင်း ၁၇ ကျောင်းကိုလည်း အမြန်ဆုံး ဖွင့်လှစ်ရန်အတွက် နှစ်ဖက် ပူးပေါင်ဆောင်ရွက်သွားရန်နှင့် စစ်ပြေးဒုက္ခသည်များနှင့် ပတ်သက်၍ နှစ်ဖက် ပူးပေါင်းညှိနှိုင်း၍ နေရပ်ပြန်လည် နေထိုင်ရေး ကူညီဆောင်ရွက်ရန် ယင်းသဘောတူညီမှုများကို ၅ ရက်အတွင်း နှစ်ဖက်မှ သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ တင်ပြ၍ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။

UPWC မှ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ဦးသိန်းဇော်၊ ဦးခင်မော်စိုး၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာမင်းဇော်ဦးနှင့် ဘက်မှ ဒုဥက္ကဌ စပ်ခေးတိုင်း ဦးဆောင်၍ စပ်ခမ်းသီ၊ စပ်ကျော်လှ၊ စပ်ခေးမောဝ်၊ စပ်ဆု၊ စပ်နော်လိတ်တို့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနနှင့် ဟိုတယ်ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုတွင် အခိုင်အမာသဘောတူညီမှုမရသေးသလို၊ ဗဟိုဌာချုပ်တွင် ညှိနှိုင်း ဆွေးနွေးရန် လိုအပ်သဖြင့် သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း SSPP/SSA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းခမ်းသီက ပြောသည်။

“ဆွေးနွေးမှုက ပြီးသွားပြီ။ ကျနော်တို့ လောလောဆယ် ဒီသုံးရက်အတွင်းတော့ ထုတ်ပြန်ဖို့ ခွင့်မပြုသေးဘူး။ လုပ်ဆောင် စရာတွေ ရှိတယ်။ အကောင်အထည်ဖော်ဖို့တွေရှိလို့ ကျနော်အနေနဲ့ ထုတ်ဖော်ပြောဆိုခွင့် မရဘူး။ သဘောတူညီမှု အခိုင်အမာတော့ မရသေးဘူး။ အတည်မပြုသေးဘူး”ဟု သူက မဇ္စျိမသို့ ပြောသည်။

ပထမနေ့ ဆွေးနွေးမှုတွင် အစိုးရဘက်မှ SSPP/SSA ၏ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးနှင့် မိုင်းနောင်းမြို့နယ်အတွင်းရှိ တပ်များကို ဆုတ်ခွာပေးရန် ပြောဆိုခဲ့သဖြင့် ပြေလည်မှု မရခဲ့ပေ။

နိုဝင်ဘ ၂၁ ရက်နေ့က အစိုးရ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ) တိုင်းမှူးမှ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် မိုးရှူးနှင့် မိုင်းနောင်မြို့နယ်အတွင်းရှိ SSPP/SSA တပ်များအားလုံး ဆုတ်ခွာပေးရန် ပြောဆိုထားသည်။

သို့သော် ယင်းနေရာများသည် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်း မရှိသဖြင့် SSPP/SSA ဘက်မှ ဆုတ်ခွာပေးမည် မဟုတ်ကြောင်း မဇ္စျိမကို မကြာမီက ပြောဆိုထားသည်။ တိုက်ပွဲများ ရပ်တန့်ရေး နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနေချိန်တွင်လည်း မိုင်းရှူးမြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် SSPP/SSA တပ်တို့အကြား တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည်ဟု သိရသည်။

ထို့အပြင် မိုင်းရှူးမြို့တွင် နိုဝင်ဘာ ၂၄ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ သဖြင့် လူတစ်နှစ် ဒဏ်ရာရရှိခဲ့သည်ဟု မိုင်းရှူးမှ စစ်ပြေးဒုက္ခသည်များအား ကူညီနေသော ဒေသခံ နန်းဆိုင်ဟိန်းက ပြောသည်။ မိုင်းရှူးမြို့ပြင် ကားလမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဆိုင်းကယ်စီး လာသော အမျိုးသားနှ်စဦးအား ဗုံးဆံထိမှန်၍ ခိုလမ်စစ်ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သူက မဇ္စျိမသို့ ပြောသည်။

“ဒီမနက် ၈ နာရီလောက်က မိုင်းရှူးမြို့ရဲ့ မြောက်အပြင်ဘက်မှာ လူနှစ်ယောက်ဆိုင်ကယ်စီးပြီး ဖြတ်သွားတာ ပေါက်ကွဲမှုဖြစ်သွား တာ။ သူတို့နှစ်ယောက်ကို သွားထိတယ်။ အသက် ၂၅ နှစ်အရွယ်နဲ့ ၁၉ နှစ်အရွယ်၊ ဆိုင်ကယ်တစီးနဲ့အတူတူစီးတာ ခြံစည်းရုံးကနေ ပေါက်ပြီးတော့ သူတို့နားစင်လာတာ။ အဲဒီနှစ်ယောက်ကို ခိုလမ်စစ်ဆေးရုံကို ပို့လိုက်ပြီ”ဟု သူက မဇ္စျိမသို့ ပြောသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...