တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုရပ်ဖို့ အမျိုးသမီးများ အဖွဲ့ချုပ် တောင်းဆို

တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုရပ်ဖို့ အမျိုးသမီးများ အဖွဲ့ချုပ် တောင်းဆို
by -
မဇ္ဈိမ
တိုင်းရင်းသား ဒေသများရှိ လက်နက်ကိုင် တပ်ဖွဲ့များကို တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ကာ ငြိမ်းချမ်းရေးကိုရှေ့ရှုသည့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်ရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် အားလုံးပါဝင်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က တိုက်တွန်းလိုက်သည်။

နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက်ရေးနေ့တွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် အမျိုးသမီးများ၏ဘဝ လှုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြမှုများဖြင့် နှစ်ပေါင်း ရာစုဝက်ကျော် ဖြတ်သန်းလာခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ လတ်တလော ဖြစ်ပျက်နေသည့် ကချင်ဒေသနှင့် ရှမ်းဒေသများသို့ တပ်မတော်မှ ထိုးစစ်ဆင်နေခြင်းသည် အမျိုးသမီးများ၏ ဘဝလုံခြံုရေးအတွက် ပို၍ စိုးရိမ်စရာဖြစ် နေသည် သာမက ခြိမ်းခြောက်မှု ပြုနေဟုလည်း ဆိုသည်။ အမျိုးသမီးနှင့် ကလေးငယ်များသည် စစ်ပြေးဒုက္ခသည်အဖြစ်နှင့် ထွက်ပြေး ပုန်းရှောင်နေရပြီး အခက်အခဲပေါင်းများစွာ ကြံုတွေ့နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

"စစ်ပွဲတွေမှာဆိုရင် အကြမ်းဖက်ခံရဆုံးက အမျိုးသမီးတွေ ဖြစ်တယ်။ အဲဒီအတွက် စစ်ပွဲတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့အတွက် နှစ်ဘက်ကို အစ်မအနေနဲ့ တောင်းဆိုချင်တယ်။ စစ်ပွဲတွေ အမြန်ရပ်ပေးပါ။ ဒါမှသာ အမျိုးသမီးတွေ အကြမ်းဖက်ခံရခြင်းက ကင်းလွတ်မယ်။ နောက်ပြီးတော့ အမျိုးသမီးတွေ ဘဝလုံခြံုစိတ်ချစွာ သွားလာနိုင်ဖို့ ထိရောက်တဲ့ ဥပဒေတွေ ရေးဆွဲပြဌာန်းပေးဖို့ လိုအပ်တယ်"ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မသက်သက်အောင်က ပြောသည်။

မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်သည့်အတွက် အမျိုးသမီးများ၏ ဘဝ လုံခြံုမှုရှိစေရန် စစ်ဝါဒကျင့်သုံးခြင်းကို ရပ်တန့်ပြီး ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သင့်ပြီး လုံလောက်သော ဥပဒေပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုရှိစေရန် တရား ဥပဒေ စိုးမိုးမှုရှိစေရန် အထူးလိုအပ်ကြောင်းလည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဆိုသည်။

အစိုးသစ်၏ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်မှန်သောငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အခြေခံ ဥပဒေပြင်ဆင်ရေးစသည့် ရည်မှန်းချက်များကို ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား စစ်လက်နက်သဖွယ် ကျင့်သုံးနေမှုကို ရပ်တန့်ပေးရန်အတွက်် အလေးထား ဂရုပြုထည့် သွင်းစဉ်းစားရန်လည်း အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တိုက်တွန်းသည်။

"အားလုံးက လူသားအချင်းချင်း အတူတူပဲ အခွင့်အရေး ရသင့်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ ဘယ်သူက အနိုင်ကျင့်တာကို မကြိုက်ပါဘူး"ဟု သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်လာ ၁၇ ရက်နေ့တွင် ကျင်းပသော (၅၄)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ (၈၃) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး၏ ဆုံးဖြတ်ချက် အမှတ် ၅၃/၁၃၄ အရ နိုဝင်ဘာ ၂၅ ရက်နေ့ကို “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့"အဖြစ် ဆုံးဖြတ်ချက်ချ သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...