ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးမူဘောင် နိုဝင်ဘာ ၂၇ တွင် စတင်ရေးမည်

ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးမူဘောင် နိုဝင်ဘာ ၂၇ တွင် စတင်ရေးမည်
by -
မဇ္ဈိမ
နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဆွေးနွေးမည့်အကြောင်းအရာ နိုင်ငံရေးမူဘောင်ကို နိုဝင်ဘာ ၂၇ရက်နေ့တွင် စတင်ရေးဆွဲမည်ဟု UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ဒုဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းက နိုဝင်ဘာ ၂၄ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

"နိုဝင်ဘာ ၂၇ရက်မှာ မူဘောင်ရေးဆွဲရေး လုပ်ငန်းစလုပ်မယ်။ ဒီနေ့တော့ အစိုရ၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီတွေ က ၈ ဦးစီပါတဲ့ မူဘောင် မူကြမ်းရေးဆွဲရေး ကော်မတီကို ဖွဲ့ပြီး သွားပါပြီ။ နိုင်ငံရေး ပါတီဖက်က ဒုဥက္ကဌ တစ်ယောက်လည်း ရွေးပါ တယ်"ဟု ဆိုသည်။

မူဘောင်ရေးဆွဲမည့် ကော်မတီတွင် UPDJC အဖွဲ့ဝင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ် ရှစ်ဦးစီဖြင့် စုစုပေါင်း ၂၄ဦးအထိ ပါဝင်သည်။

ယင်းကော်မတီက နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် အစိုးရတို့အပြင် အဖွဲ့အစည်း များက တင်ပြထားသည့် မူဘောင်မူကြမ်းများမှ ဘုံသဘောတူညီမှု ရရှိသည့်အချက်များဖြင့် မူဘောင်ကို ရေးဆွဲသွားမည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

UPDJC တွင် နိုင်ငံရေးပါတီမှ ၁၆ဦး၊ အပစ်ရပ် လက်မှတ်ထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ၁၆ ဦးနှင့် တပ်မတော်အပါအဝင် အစိုးရအဖွဲ့မှ ၁၆ဦးကျစီ ပါ၀င်ကာ အကြံပေးအဖွဲ့အဖြစ် နိုင်ငံရေးပါတီများမှ ၈ဦးအဖွဲ့ တို့ပါဝင်ကြသည်။

 UPDJC ဥက္ကဌ အဖြစ် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုဥက္ကဌ သုံးဦးအဖြစ်၊ ဦးအောင်မင်း၊ ပဒိုကွယ်ထူးဝင်းနှင့် ဦးသုဝေတို့က တာဝန်ယူထားခြင်းဖြစ်သည်။ နိုင်ငံရေးပါတီမှ ဒုဥက္ကဌ အဖြစ်တာဝန်ယူသည့် ဦးသုဝေကို နိုဝင်ဘာ ၂၄ရက်တွင် နိုင်ငံရေးပါတီများ၏ အဆိုပြုချက်ဖြင့် ရွေးချယ်ခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး မူဘောင်တစ်ခုကို ရေးစွဲပြီးစီးရန် လိုအပ်ပြီး ရက်ပေါင်း၉၀ အတွင်းနိုင်ငံရေးဆွေးနွေးပွဲများကို စတင်ရမည်ဟု အာမခံချက် အပစ်ရပ် စာချုပ်တွင် ထည့်သွင်းထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ကရင်အမျိုးအသားအစည်းအရုံး KNU တို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့က အောက်တိုဘာ ၁၅ရက်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးလက်မှတ်ကို နေပြည်တော်တွင် ရေးထိုး ထားကြသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...