နိုဝင်ဘာ ၂၄ ရက်နေ့က သာယာဝတီတရားရုံး၌ ရုံးထုတ်စဉ် ဆက်သွယ်မေးမြန်းရာ ကိုနန္ဒာစစ်အောင်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
"လွှတ်တာသည် သင့်တော်တဲ့ နိုင်ငံရေးအရ အစိုးရတစ်ရပ်ရဲ့ တာဝန်ယူသင့်တဲ့ ကိစ္စပေါ့ဗျာ။ မလွှတ်ရင် ဘာဖြစ်မလဲ၊ မလွှတ်ရင် ကျွန်တော်တို့လည်း လွတ်လပ်တဲ့ တရားစီရင်ရေးရဲ့ အကာအကွယ် ယူရတော့မှာပဲ။ ကျွန်တော်တို့ ဘက်ကလည်း တရားစွဲဆိုမှုတွေ ရှိလာမှာ။ နောက် အစိုးရက တစ်စုံတရာ လွတ်လပ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည် တယ်ဗျ။ တရားဆွဲဆိုမှုတွေပေါ်လာရင် ပိုမိုရှုပ်ထွေးလာမယ်။ ကျွန်တော်တို့ဘက်က တရားစွဲဆိုမှု တွေကလည်း အခိုင်အမာ ပေါ်လာတော့မှာ ဗျ"ဟု သူက ပြောသည်။
ဒီမိုကရေစီ ပညာရေး သပိတ်မှောက် ကျောင်းသားများအား ၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က လက်ပံတန်း သပိတ်ဖြိုခွဲမှုတွင် ဖမ်းဆီးကာ သာယာဝတီအကျဉ်းထောင်တွင် ထိမ်းသိမ်းထားကာ အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ဖမ်းဆီးခံကျောင်းသားများ ပြန်လည်တရားစွဲဆိုရန်မှာ သမ္မတ၏ ခွင့်ပြုချက်ရရှိမှသာ ဖြစ်နိုင်မည် ဖြစ်ကြောင်း ဖမ်းဆီးခံကျောင်းသားများအမှု လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။
"ဥပဒေကြောင်းအရတော့ အစိုးရကို တရားစွဲလို့ ရမှာ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေကိုတော့ စွဲရင်ရမယ်။ ဒါတောင် ရဲတပ်ဖွဲ့ဝင်တွေဟာ ပြန်တမ်းဝင်အရာရှိတွေ ဖြစ်နေတဲ့အတွက် နိုင်ငံတော် သမ္မတဆီက တရားဆွဲခွင့် ခွင့်ပြုချက်ရမှ ဖြစ်မယ်"ဟု ဦးလှမျိုးမြင့်က ပြောသည်။
ယခုတစ်ကြိမ် ရုံးထုတ်ရာတွင် ပြီးခဲ့သည့်ရက်ပိုင်းက အစာငတ်ခံ ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများ ထဲမှ ကိုမျိုးမြတ်စံ အပါအဝင် ၂ဦးမှာ ရှေ့နေပါ၀ါ ပြန်လည် ရုတ်သိမ်းထားပြီး အမှုစစ်ဆေးစဉ်၌ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသည့်အတွက် ရုံးချိန်းအား ဒီဇင်ဘာ ၁ ရက်နေ့သို့ ပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။
ဖမ်းဆီးခံကျောင်းသားများအား ဥပဒေနှင့် ဆန့်ကျင်သော အစုအ ဝေးတွင် ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်း ဆောင်စဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။







