မိုးညှင်းတွင် ယခုရက်ပိုင်း ဒေသတည်ငြိမ်နေ၍ ဒေသခံများ အိမ်ပြန်ပြီ

မိုးညှင်းတွင် ယခုရက်ပိုင်း ဒေသတည်ငြိမ်နေ၍ ဒေသခံများ အိမ်ပြန်ပြီ
by -
မဇ္ဈိမ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း အစိုးရစစ်တပ်နှင့် ကချင်လွပ်လပ်ရေးတပ်မတော်(KIA) တပ်တို့အကြား တိုက်ပွဲများ ငြိမ်နေသဖြင့် မြို့ပေါ် ထွက်ပြေးလာသော ရွာသားများ မိမိနေရပ်သို့ ပြန်ကြပြီ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်မှစတင်၍ KIA တပ်မဟာ ၈ တပ်နှင့် အစိုးရစစ်တပ်တို့အကြား နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ တည်ငြိမ်နေသည်ဟု မိုးညှင်းမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

“တိုက်ပွဲ မရှိတော့ပါဘူး။ ၁၉ ရက်နေ့လောက်ကတည်းကပါ။ ၂၀ ရက်ကနေတောက်လျှောက် မရှိတော့ဘူး။ လူ သုံး၊ လေးရာလောက်က မြို့ပေါ်ရပ်ကွက်နဲ့ မြို့စွန်ကဆိုတော့ တိုက်ပွဲကြောက်လို့ ညဆို ဘုရားကျောင်းတွေမှာ လာအိပ်တာပါ။ ဒီနေ့ အကုန်ပြန်သွားကြပါပြီ”ဟု သူက မဇ္ဈိမသို့ ပြောသည်။

တိုက်ပွဲကြောင့် မိုးညှင်းမြို့ပေါ်ရှိ အလိဂန်ဘုရားကျောင်း၊ ကက်သလစတ်ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အရှေ့ရိပ်သာ၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ ICM၊ BCMS စသည့် ဘုရားကျောင်းများသို့ ထွက်းပြေးတိမ်းရှောင်လာသူ စုစုပေါင်း ၅၀၀ ဦးကျော် ရှိခဲ့သည်။

လက်ရှိ အစိုးရ စစ်တပ်နှင့် KIA တပ်တို့အကြား ပစ်ခတ်တိုက်ခိုက်သံ မကြားရတော့သဖြင့် မြို့အနီးအနားရှိ ထွက်ပြေးလာသူ စစ်ပြေးဒုက္ခသည်များ မိမိနေရပ်သို့ ပြန်သွားကြပြီဖြစ်ကြောင်း နှစ်ခြင်းခရစ်ယာန်အသင်းမှ သိက္ခာတော်ရ ဆရာ မခါအောင်ဆိုင်းက ပြောသည်။

“စစ်ပြေးတွေက လျော့သွားပြီ။ ဒီနေ့ကစပြီး ကိုယ့်အိမ်ကိုယ့်ရွာ ပြန်ကြမယ်။ အစားအသောက်တွေ လည်း မလိုတော့ဘူး။ တိုက်ပွဲက ငြိမ်လာပြီ။ မနေ့ညကစပြီး ဘာအသံမှ မကြားတော့ဘူး၊ သေနပ်သံပြန်ကြားရင်တော့ ပြန်ပြေးလာမယ်လို့ ပြောကြတယ်”ဟု သူက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာ ၁၄ ရက်နေ့မှစတင်၍ မိုးညှင်းမြို့နယ်အတွင်းရှိ KIA တပ်မဟာ ၈ အခြေစိုက်ရာသို့ အစိုးရ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့တွင် အစိုးရစစ်တပ်က တိုက်လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့၍ KIA ၏ တပ်မဟာ ၈ ဌာနချုပ်ကို အစိုးရ စစ်ပတ်က သိမ်းယူခဲ့သည်။

မိုးညှင်းမြို့နယ်ဘက် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ လက်အောက်ခံ နေရာများတွင် အစိုးရ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...