ဗန်းမောက်-အင်းတော် ကားလမ်းပေါ်မှ မြေသားကြွတက်မှု ဖြစ်ပေါ်

ဗန်းမောက်-အင်းတော် ကားလမ်းပေါ်မှ မြေသားကြွတက်မှု ဖြစ်ပေါ်
by -
မဇ္ဈိမ
အင်းတော်-ဗန်းမောက် ကားလမ်းပေါ်တွင် နိုဝင်ဘာ ၁၈ ရက်နေ့က ဖြစ်ပေါ်လျှက်ရှိသော မြေသား ကြွတက်မှုမှာ ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိသော ငလျင်၏ အကျိုးဆက်များကြောင့် မဟုတ်ကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောသည်။

"ကျွန်တော်တို့ မြင်တွေ့ရတဲ့ ဓါတ်ပုံတွေအရ ဒီမြေသားကြွတက်မှုဟာ ငလျင်ကြောင့်မဟုတ်ဘူးလို့ ကောက်ချက်ချထားပါတယ်။ ၃ ပေလောက်မြင့်တက်သွားလောက်အောင် တွန်းတင်ဖို့ဆိုရင် ငလျင် အင်အားက ရစ်ချ်တာစကေး ရ.၅ နဲ့အထက်လှုပ်ကိုလှုပ်ရမှာပါ" ဟု ဒေါက်တာမျိုးသန့်က ပြောသည်။

အနီးအနားမှာရှိသည့် တောင်တစ်တောင်မှာ ဒေါင်လိုက်မြေသားပြိုကျမှု ဖြစ်ထားကြောင်း မြေသား ပြတ်ရွှေ့မှုကြောင့် ဖြစ်နိုင်ကြောင်း၊ ကွင်းဆင်းသုတေသန ပြုပြီးမှသာ သေသေချာချာ ပြောနိုင်မည်ဟု ၎င်းက ပြောသည်။

"ကျွန်တော်ကျောင်းစစ်တွေ လိုက်စစ်ရင်းနဲ့ အဲဒီနေရာကိုတွေ့မိတာပါ။ နိုဝင်ဘာ ၁၅ ရက်နေ့ လောက်တုန်းက ၆ လက်မလောက် ပဲ ကြွတက်နေတာ။ ၁၈ ရက်နေ့မှာတော့ မြေသားကြွတက်မှုက ၃ ပေလောက်အထိ ဖြစ်နေပြီ။ ဒါကြောင့် မြေငလျင်ကော်မတီကို ကွင်းဆင်းသုတေသနလုပ်နိုင်အောင် အသိပေးအကြောင်းကြားထားပါတယ်"ဟု အင်းတော်မြို့နယ်၊ ဒုတိယပညာရေးမှူး ဦးသိန်းဆွေဝင်းက ပြောသည်။

ထို့အပြင် ကားလမ်းအနီးတွင် မြေကြီးများအက်ကွဲနေမှုကို နေရာအနှံ့အပြားတွေ့ရကြောင်း၊ အင်းတော်အင်း၏ ပေ(၁၅၀) ခန့် အကွာရှိ လယ်မြေများတွင် မြေသားများ၊ မြေစာများ ထိုးထွက်နေသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ပြောသည်။

မြေသားကြွတက်မှု ဖြစ်ပွါးရာနေရာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော် -ဗန်းမောက်ကားလမ်း မိုင်တိုင်အမှတ်(၂၀/၃)တွင် ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့က ယင်းနေရာနှင့် ၅ မိုင်ခန့်ကွာဝေးသော အင်းတော်မြို့နယ်တွင်း ဆိပ်သာ/မန်ဖာကိုဗဟိုပြု၍ ပြင်းအား(၄.၅) ရစ်ချ်တာစကေးရှိ ငလျင်တစ်ခုလှုပ်သွားခဲ့ကြောင်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...